ကုန်ကား ယာဉ်မောင်းနဲ့ စပယ်ယာတွေကိုပါ စစ်ကောင်စီက ပေါ်တာဆွဲနေ

Author CJ Platform
Categories
Published on Feb 28, 2025

ရန်ကုန် – မန္တလေး ကုန်စည်ကူးသန်းပို့ဆောင်နေတဲ့ ကုန်တင်မော်တော်ယာဉ်တွေက ယာဉ်မောင်းတွေနဲ့ စပယ်ယာတွေကိုပါ စစ်ကောင်စီက ဖမ်းဆီးပြီး ပေါ်တာဆွဲကာ စစ်မှုထမ်းစေခိုင်းနေတာကြောင့် ကုန်ကားမောင်းသူတွေ ကြောက်လန့်နေရတယ်လို့ ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်သည်အင်အား ယုတ်လျော့ကျနေတာကြောင့် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူငယ်တွေကို စစ်မှုထမ်းစေတာအပြင် လမ်းသွားလမ်းလာပြည်သူတွေကိုပါ ဖမ်းဆီးပြီးတော့ အခုလို စစ်မှုထမ်းစေခိုင်းနေတာပဲ ဖြစ်ပါတယ်။

 

“ကျောက်ဆည်မြို့ရှောင်လမ်းမှာ တစ်ယောက်ဖမ်းခံရတယ်၊ ငါးဇွန်မှာ စပယ်ယာတစ်ယောက်ကို ကားပေါ်ကနေပါ ဆွဲချသွားတာ ဘယ်လိုမှ ပြောမရဘူး”လို့ ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ညပိုင်းတွေမှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေကို ပိတ်ဆို့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကုန်တင်ယာဉ်မောင်းတွေဟာ ရန်ကုန်-မန္တလေး ခရီးစဉ်တစ်ခုကို နှစ်ရက်ကျော် ကြာမြင့်တဲ့အထိ သွားလာနေရပါတယ်။

 

“ညနေဆို ဆက်မမောင်းရဲဘူး၊ အနီးဆုံး ထမင်းဆိုင် ဆီဆိုင်တွေမှာ ကားရပ်ပြီး အိပ်ရတာပဲ၊ ဒါလည်း ကားပေါ်က မဆင်းရဲဘူး အပေါ့အပါးသွားဖို့တောင် သတိထားရတယ်၊ တွေ့ရင် ဖမ်းဆီးပြီး စစ်ထဲ ထည့်ပလိုက်တာ”လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက သူ့ရဲ့ အတွေ့ကြုံကို ပြောပြပါတယ်။

 

ဒါ့အပြင် လမ်းတလျှောက် ငွေကြေးကောက်ခံတဲ့ ဂိတ်တွေ ပိုများလာတာကြောင့် အရင်က လမ်းပိုင်းအသုံးပြုခ ကုန်ကျစရိတ်ဟာ ကားအမျိုးအစားအလိုက် တစ်သိန်းဝန်းကျင်သာ ကုန်ကျပေမဲ့ လက်ရှိမှာတော့ သုံးသိန်းနီးပါးထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

 

ဆက်ကြေးပေး ဖြတ်သန်းသွားလာနေပေမဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေတာ ယာဉ်မောင်းတွေနဲ့ စပယ်ယာတွေကို ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ရန်ကုန်-မန္တလေး ကုန်တင်ယာဉ်မောင်းတွေ အတော်ကို ရှားပါးလာနေတယ်လို့ ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

ပုံစာ – စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို မြင်ရပုံ