စက်ဒေါင့်ကြီးနယ်မြေရဲစခန်းက ရဲတွေ ဆိုင်ကယ်တွေဖမ်းပြီး ဝင်ငွေရှာနေ

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် စက်ဒေါင့်ကြိးနယ်မြေရဲစခန်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေဟာ ဆိုင်ကယ်စီးနင်းသူ ပြည်သူတွေကို အပြစ်ရှာဖမ်းဆီးပြီး ဝင်ငွေရှာနေတယ်လို့ ဒေသခံတွေက သတင်းပေးပို့ပါတယ်။
သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်အကြား တစ္တေချောင်းလမ်းဆုံမှာ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းပြီး ခရီးသွားပြည်သူတိုင်းကို စစ်ဆေးဖမ်းဆီးကာ အပြစ်ရှာပြီး ပိုက်ဆံတောင်း ဝင်ငွေရှာနေတာဖြစ်တယ်လို့ သိရပါတယ်။
“လမ်းဆုံက ကြံ့ခိုင်ရေးအမာခံ သန်းရှိန်ရဲ့ဆိုင်မှာ သူတို့က သောက်စားပြီး ဖြတ်သွားသမျှ ဆိုင်ကယ်တွေကို ဖမ်းတာ လေပေါင်မပြည့်ရင်တောင်မှ တစ်စီးကို သုံးသိန်းတို့ ငါးသိန်းတို့ တောင်းတယ်”လို့ သာပေါင်းမြို့နယ်ကနေ ရေကြည်မြို့နယ်ကို အပတ်စဉ် သွားရောက်နေရသူတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေကို ဖမ်းဆီးရာမှာ ဆိုင်ကယ်ဦးထုတ်၊ လိုင်စင်နဲ့ သတ်မှတ်စည်းကမ်းတွေ ပြည့်စုံနေလည်း လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာပါ လုပ်ဆောင်ပြီး အပြစ်ရှာဖမ်းဆီးနေတာလို့ သိရပါတယ်။
“ဖြတ်သွားတဲ့ ပြည်သူမှန်သမျှ မလွတ်စေရဘူး၊ တစ်ခုမဟုတ် တစ်ခုနဲ့ ဖမ်းတာ၊ တောင်းလိုက်ရင်လည်း အနည်းဆုံးက သုံးသိန်းကနေ စတောင်းတာ၊ မပေးနိုင်ရင် ဆိုင်ကယ်ထားခဲ့ပဲ”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ထပ်မံအတည်ပြုပြောပါတယ်။
သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်အနီးမှာ အာရက္ခတပ်တော်က ထိုးစစ်ဝင်ရောက်နေချိန်မှာ ရှေ့တန်းမသွားရတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်သားတွေဟာ ပြည်သူတွေကို အပြစ်ရှာပြီး ငွေကြေးရှာဖွေနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်