ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစုကနေ ယောPDF နုတ်ထွက်

Author လဂွန်းအိမ်
Categories
Published on Feb 21, 2025

မကွေးတိုင်း ယောဒေသမှာ တပ်ပေါင်းစုရဲ့ မူလရည်ရွယ်ချက်တွေ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းတာကြောင့် ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု (YRLA) ကနေ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ဒီကနေ့မှာ နုတ်ထွက်တယ်လို့ သူတို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အနေနဲ့ လက်ရှိအချိန်မှာ တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နေချိန်လည်း ဖြစ်တာကြောင့် တပ်ပေါင်းစုရဲ့ လုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်ပါဝင်နိုင်ခြင်း မရှိသေးတာကြောင့်လည်း နုတ်ထွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယောဒေသတွင်းမှာ တစ်ခုထဲသော ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားဖို့ ဒေသတွင်းအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ယောတပ်တော် YA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖိတ်ခေါ်ထားခဲ့ပါတယ်။

 

“YPDF အနေနဲ့ ဘယ်သူ့အောက်မှ ဝင်တာမျိုးမဟုတ်ဘဲ အတူတကွ ပူးပေါင်းတည်ဆောက်တဲ့ အခင်းအကျင်းကို သွားဖို့ ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်” လို့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာ ယောတပ်တော် YA နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေလုပ်ဆောင်နေပြီး အခြေခံမူတွေတော့ သဘောတူထားပြီးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 

ယောဒေသမှာ NUG MoD ရဲ့လက်အောက်ခံ ခရိုင်တပ်ရင်း ၁၉ ရင်းရှိခဲ့ပြီး လက်ရှိမှာ နှုတ်ထွက်တာတွေ ရှိနေတယ်လို့ သိရပေမဲ့ ခရိုင်ဘက်ကတော့ ဖျက်သိမ်းတာမျိုးမရှိပဲ ပြန်လည်အစားထိုးခန်အပ်ပြီး စုဖွဲ့တာမျိုးတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ယောဆိုပြီး ပြောဆိုကြပေမဲ့ ယောစကားကလွဲပြီး ယောတို့ရဲ့ အထိမ်းအမှတ်၊ သင်္ကေတ၊ ယောအမျိုးသားနေ့ ၊ ယော ကိုယ်စားပြုအလံ ၊ ယော ကိုယ်စားပြု အမှတ်တံဆိပ် တို့ရှိမနေသေးတာကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို တောင်းယူလို့ရမှာမဟုတ်ပဲ ကိုယ်တိုင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က ယောမြေအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေကို ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

 

CJ Platform အနေနဲ့ ယော‌ဒေသအဖြစ် သီးသန့်ဖော်ဆောင်သွားဖို့ရှိနေတာကို တွေ့ရပြီး နိုင်ငံရေးအရ ဘယ်လောက်အထိ ဖော်ဆောင်သွားမလဲ ဆိုတာကိုတော့ “ ဟုတ်ကဲ့ ဒီအပိုင်းတွေကတော့ အချိန်တန်ရင် ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ လက်ရှိကတော့ ပြင်ဆင်နေဆဲဖြစ်လို့ပါဗျ”လို့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

 

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ဟာ ချင်းပြည် ဖလမ်းခရိုင်အတွင်းက တွန်းဇံမြို့နယ်ကို ပြီးခဲ့တဲ့နှစ် မေ ၂၃ က ချင်းအမျိုးသားတပ်မတော် (CNA) ပါဝင်တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုနဲ့အတူ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF