တိမ်မြုပ်ဖုံးကွယ်ခံခဲ့ရတဲ့ ယောတို့ရဲ့ တန်းတူညီမျှခွင့်အတွက် တစ်ခုတည်းသော ယောတပ်တော်အဖြစ် စုပေါင်းသွားမယ်

မကွေးတိုင်း ယောဒေသအတွင်း ယောအမျိုးသားလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ယောတပ်တော်အနေနဲ့ လေ့ကျင့်တည်ဆောက်တိုက်ပွဲဝင်နေပြီး တိမ်မြုပ်ဖုံးကွယ်ခံခဲ့ရတဲ့ ယောတို့ရဲ့ တန်းတူညီမျှခွင့်အတွက် ယောဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး တစ်ခုထဲသော ယောတပ်တော်အဖြစ်ကြိုးပမ်းသွားမယ်လို့ ယောတပ်တော် ( Yaw Army) က မနေ့က ထုတ်ပြန်ထားပါတယ်။
ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တိုက်ထုတ်နေသလို နှစ်ကာလများစွာ တိမ်မြုပ်ဖျောက်ဖျက်ခံခဲ့ရတဲ့ ယောအမျိုးသားရေး ဝိသေသလက္ခဏာတွေ ပြန်လည်ဖော်ထုတ်ရပ်တည်နိုင်ဖို့၊ ပြည်ထောင်စုအတွင်း တန်းတူညီမျှ အသိအမှတ်ပြုခံရရေးဟာ ယောတို့ရဲ့ သမိုင်းပေးတာဝန်အဖြစ် ခံယူထားတယ်လို့လည်း ဆိုပါတယ်။
ယောဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ညီညွတ်စွာ စုပေါင်းနိုင်ဖို့နဲ့ ယောအမျိုးသား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ယောတပ်တော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြားတပ်ရင်းတပ်ဖွဲ့တွေ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂန့်ဂေါတပ်ရင်း (ယောဒေသ) ကလည်း ပူးပေါင်းပါဝင်လာပြီး ယောတပ်တော်ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂန့်ဂေါတပ်ရင်း (ယောဒေသ) – PDF-Gangaw Battalion (YAW REGION) ကလည်း ဖေဖော်ဝါရီ ၁၉ ရက်ရက်စွဲနဲ့ ယောတပ်တော်(YA) နဲ့အတူ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုထုတ်ပြန်ထားရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က NUG MoD ဆီ တပ်ရင်းပြန်အပ်နှံခဲ့သော်လည်း ခွင့်မပြုတဲ့အတွက် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်၊ ဘဏ္ဍာရေးတာဝန်ခံ၊ တပ်ခွဲ(၁)(၂)(၃)(၄) က တပ်ခွဲမှူး၊ တပ်စုမှူး၊ ဒုတပ်စုမှူး၊ တပ်စိတ်မှူး၊ ဒုတပ်စိတ်မှူး၊ ရဲဘော်တွေမှ နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့အတူ ယောအမျိုးသား ပြန်လည်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတွင်း ယောတို့ရဲ့ တန်းတူညီမျှခွင့်အတွက် စုပေါင်းဆောင်ရွက်ကြဖို့ အချိန်အခါ ကောင်းဖြစ်တာကြောင့် ဒေသတွင်းအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ယောတပ်တော်(YA)က ထုတ်ပြန်ချက်ထဲ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – ယောတပ်တော်( YA )
ပုံစာ – မတူပီမြို့သိမ်းတိုက်ပွဲအောင်မြင်ပြီးနောက် ယောတပ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်