မိခင် စျာပန ဂါရဝပြုရန် ဗကသ ခေါင်းဆောင်ဟောင်း ကိုဂျိမ်းတောင်းဆိုမှု စစ်ကောင်စီ ခွင့်မပြု

Author လင်းခိုင်
Categories
Published on Oct 20, 2022

အောက်တိုဘာ ၁၉ရက်က အင်းစိန်ထောင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် မိခင်စျာပန ကို ဂါရဝပြုရန် အင်းစိန်ထောင်တွင် မတရားဖမ်းဆီးခံထားရသည့် ဗကသ ခေါင်းဆောင်ဟောင်း တောင်းဆိုခဲ့ သော်လည်း စစ်ကောင်စီက ခွင်မပြုခဲ့ကြောင်းသိရသည်။

ကိုဂျိမ်း(ခ) ကိုလင်းထက်နိုင်၏ စျာပနကို အောက်တိုဘာ ၂၁ ရက်၌ ကျီစုသုသာန်တွင်ပြုလုပ်မည်ဖြစ်ပြီး လုံခြုံရေးမပေးနိုင်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် မိခင်စျာပနကို ဂါရဝပြုခြင်းကို စစ်ကောင်စီက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

“ dead body ကို ရေခဲတိုက်ပို့လိုက်ပြီ၊ ဂျိမ်းက မိခင်ကို နောက်ဆုံးအနေနဲ့ ကန်တော့ဖို့ကို မအလ တွေက ခွင့်မပြုဘူး” ဟု ကိုဂျိမ်းမိသားစုနှင့် နီးစပ်သူ တစ်ဦးက CJ Platform သို့ပြောကြားသည်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် ဒေါ်ကြီးမြင့်သည့် ကွယ်လွန်ချိန်၌ အသက် ၅၅နှစ်ရှိပြီဖြစ်သည်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုကြောင့် အကျဉ်းထောင်၀န်ထမ်းသုံးဦးအပြင် နိုင်ငံရေးအကျဉ်းသားအချို့၏ မိသားစု၀င်များအပါအ၀င် စုစုပေါင်း ၈ဦးသေဆုံးခဲ့ကာ ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်စဉ်အား တော်လှန်အင်အားစုများမှ ရှုတ်ချကန့်ကွက်ထားပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ကျူးလွန်သူများကို အရေးယူဆောင်ရွက်သွားမည်ဟုဆိုသည်။