အင်းစိန်ထောင် ဗုံးဖောက်ခွဲမှု ဖြစ်စဥ်အပေါ် NUGလူ့အခွင့်အရေးဝန်ကြီး ရှုတ်ချ

Author ခူးဆယ်
Categories
Published on Oct 19, 2022

ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာလက်ခံသည့်နေရာတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအတွင်း အရပ်သား သေဆုံးမှုများရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သူ၏လူမှုကွန်ရက်မှတဆင့် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

အင်းစိန်ထောင်၏ ထောင်ဝင်စာလက်ခံသည့်နေရာတွင် ယနေ့မနက်အစောပိုင်းမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကျဥ်းဦးစီးဌာနဝန်ထမ်း၃ ဦးနှင့် အရပ်သား၅ ဦးသေဆုံးကာ ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဥ်နှင့်ပတ်သတ်ပြီး NUG ၏ လူ့အခွင့်အရေးဝန်ကြီးဖြစ်သူ ဦးအောင်မျိုးမင်းက သူ၏လူမှုကွန်ရက်တွင် အခုလို ဖော်ပြထားခြင်းဖြစ်သည်။

“သံသယရှိစရာဗုံးပေါက်ကွဲမှုကို ဘယ်သူဘဲကျူးလွန်တာဖြစ်ဖြစ် အရပ်သားပြည်သူတွေကို ထိခိုက်သေဆုံးမှုဖြစ်စေတဲ့အတွက် ရူတ်ချပါတယ်။ အကြမ်းဖက်တပ်ကို တွန်းလှန်ရာမှာ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုမရှိအောင် သတိပြုဖို့အတွက် ကြေညာထားပြီးသားပါ။

ပြည်သူတွေကို ကာကွယ်ဖို့ပေါ်ပေါက်လာခဲ့တဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့လုံခြုံရေးကို ထိပါးစေမှာမဟုတ်ပါဘူး”ဟု ဦးအောင်မျိုးမင်းက ရေးသားထားသည်။

ရန်ကုန်တိုင်း ပျံလွှားအောင်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည့် Special Task Agency of Burma အဖွဲ့က ထိုဗုံးဖောက်ခွဲမှုဟာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဝန်ခံထုတ်ပြန်ထားသည်။