ဂွမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက် သံချပ်ကာတွေနဲ့ ဟန်ရေးပြတာတွေရှိပေမဲ့ သေနတ်သံကြားရင် ပြန်ဝင်ပြေးတာတွေလည်းရှိနေလို့ဆို
ရခိုင်ပြည်၊ တောင်ဘက်အစွန်းဆုံးမြို့ဖြစ်တဲ့ ဂွမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အာရက္ခတပ်တော်(AA) အနေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က စတင်လို့ ဂွမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့တာဖြစ်ပြီး မြို့ရဲ့နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဂွမှာ တပ်ရင်း နှစ်ခုပဲ ရှိတယ်။ AA က စစ်ကူလမ်းကြောင်းတွေကိုပါ ဖြတ်တောက်ထားလိုက်နိုင်ပြီ။ စစ်ကောင်စီဘက်က စစ်ကူလာလို့ မလွယ်တော့ဘူး။ နေရာအများစုကို သိမ်းထားနိုင်ပြီ”လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နဲ့ ဧရာဝတီကြားရှိ ဂွ-ငသိုင်းချောင်းကားလမ်းကို အသုံးပြုကာ အစောပိုင်းရက်တွေမှာ စစ်ကောင်စီက စစ်ကူအင်အားပေးပို့နေတာဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၆ ရက်နေ့က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂွမြို့ကို ဧရာဝတီတိုင်းဘက်ကနေ စစ်ကူအင်အား ပေးပို့လို့ မရအောင် ထိန်းချုပ်ထားနိုင်ပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ AA က ခမရ-၅၆၂ နဲ့ ခမရ-၅၆၃ တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဂွမြို့တွင်းရပ်ကွက်တချို့ကိုလည်း ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် မြို့တွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့မရပ်ကွက်နဲ့ ကမ်းခြေဦး ရပ်ကွက်က နေအိမ်တချို့ မီးလောင်မှုရှိတယ်လို့ အသက် ၄၅ နှစ်အရွယ် ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မြို့ထဲမှာပစ်ခတ်သံတွေကြားတယ်။ လေယာဉ်နဲ့ဗုံးလာကြဲလို့ အိမ်တွေ မီးလောင်နေတယ်။ လူသေဆုံးတာ ရှိမရှိတော့ မသိရသေးဘူး”လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၅၆၂ နဲ့ ခမရ-၅၆၃ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကို AA ဘက်က အလံဖြူထောင် လက်နက်ချဖို့ ပြောဆိုပေမဲ့ ဒီကနေ့ထိ လက်နက်ချတာ မရှိဘဲ တချို့တပ်သားတွေကတော့ တပ်ရင်းကို စွန့်ခွာထွက်ပြေးတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီဟာ သံချပ်ကာ ယာဉ်တွေကို အသုံးပြုပြီး မြို့ကို လှည့်ပတ်ကာ ဟန်ရေးပြတာတွေရှိပေမဲ့ သေနတ်ပစ်ခတ်သံကြားပါက တပ်ရင်းထဲကို ပြန်လည် ဝင်ရောက်သွားတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း ရခိုင်နဲ့ ဧရာဝတီဘက်ကို ဆက်သွယ်ထားတဲ့ ဂွချောင်းတံတားကို စစ်ကောင်စီက ဘန်ကာဆောက်ကာ အင်အားဖြည့်တင်းထားပြီး ဒေသခံတွေကို တံတားအသုံးပြုခွင့် ပိတ်ပင်လိုက်ပြီလို့ စုံစမ်းသိရှိရပါတယ်။
AA အနေနဲ့ ရခိုင်ပြည်က အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့တို့ကို တစ်ပြိုင်တည်း စစ်မျက်နှာ သုံးခုဖွင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်ရှိမှာတော့ အမ်းနဲ့ တောင်ကုတ်မြို့တို့ကို AA က သိမ်းပိုက်ရရှိထားလို့ ဂွမြို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
ဂွမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းက မြို့တွေမှာ AA ရဲ့ ထိုးစစ် ဧရာဝတီတိုင်းအထိ ရောက်ရှိလာမှာ စိုးရိမ်တဲ့အတွက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကာ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ- စစ်မြေပြင်ရောက် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ပုံဟောင်း)