စကခ-၅ ကို AA သိမ်းပိုက်လိုက်နိုင်လို့ တောင်ကုတ်တစ်မြို့နယ်လုံးကိုလည်း AA ထပ်မံထိန်းချုပ် ဗိုလ်မှူးတွေအပါအဝင် တပ်သားရာချီလက်နက်ချခဲ့

Author သုတ
Categories
Published on Dec 14, 2024

ရခိုင်ပြည်တောင်ပိုင်းမြို့နယ်ဖြစ်တဲ့ တောင်ကုတ်က စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)-၅ ကို ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာ အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းပိုက်ရရှိပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ဒါကြောင့် ရခိုင်ပြည်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ တောင်ကုတ်နဲ့ အမ်းတို့ကို ရက်ပိုင်းအတွင်း AA က ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။

 

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ စကခ-၅ က ဗိုလ်မှူးတွေအပါအဝင် တပ်သားရာချီလက်နက်ချခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ AA နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို အတည်ပြုပါတယ်။

 

“စခန်းသုံးခုက ခြံဝန်းတစ်ခုတည်းမှာရှိတယ်။ ဆက်နေတာ။ နှစ်ခု(ခမရ -၃၄၆ နဲ့ ၅၄၄)ကို ဒီလအစမှာပဲသိမ်းထားနိုင်တယ်။ အဲဒီစခန်းကတပ်သားတချို့က စကခ-၅ မှာ သွားပေါင်းပြီးခုခံနေတာ။ အခုက လက်နက်ချသွားကြတာလို့ သိရပါတယ်။ သူတို့ဆီ တပ်ကူမပို့နိုင်အောင် AA ကပိတ်ဆို့ပြီး တိုက်ခဲ့တာ။ အခုကျသွားပြီ။ စစ်တပ်က ဗုံးလာကြဲတာတွေလည်းရှိပါတယ်” လို့ သူက ပြောပါတယ်။

 

စကခ – ၅ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေကို AA က အလံဖြူထောင် လက်နက်ချဖို့ မကြာခဏပြောဆိုခဲ့ပြီး ယမန်နေ့က နောက်ဆုံးအကြိမ်အဖြစ် ပြောဆိုခဲ့ရာမှာတော့ စစ်ကောင်စီအရာရှိတွေနဲ့ တပ်သားရာချီပြီး လက်နက်ချခဲ့သလို ထွက်ပြေးနေတဲ့ တပ်သားတွေလည်း ရှိသေးတယ်လို့ နောက်ထပ်မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မတိုက်ခင်ကတည်းက ပြောတယ်။ လက်နက်မချလို့အင်အားအများအပြားနဲ့ဝင်စီးမှ မနိုင်လို့ လက်နက်ချတာ။ ထွက်ပြေးတဲ့တပ်သားတွေလည်းရှိနေလို့ မနက်ကအထိ လိုက်လံရှင်းလင်းတာတွေရှိပါတယ်” လို့ သူက ပြောပါတယ်။

 

တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ တစ်လခွဲအတွင်းမှာ တောင်ကုတ်မြို့နဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကို AA က သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

လက်ရှိမှာတော့ စစ်ကောင်စီဘက်က စကခ-၅ အနီးဝန်းကျင်ကို လေကြောင်းကနေ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နောက်ဆုံးကျန်တဲ့ မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်(နခခ)-၅ ကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်လို့ မောင်တောတစ်မြို့နယ်လုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ယမန်နေ့မှာပဲ အမ်းမြို့နယ်က နောက်ဆုံးကျန်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နပခ)ကိုလည်း သိမ်းပိုက်လိုက်နိုင်တဲ့အတွက် အမ်းတစ်မြို့နယ်လုံးကိုလည်း AA တပ်တွေ ထိန်းချုပ်ထားပြီလို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိထားပါတယ်။

 

ဒါကြောင့် ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုရှိတဲ့အနက် ၁၃ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး ချင်းပြည်၊ ပလက်ဝမြို့နယ်အပါအဝင်ဆိုပါက ၁၄ မြို့နယ်အထိ AA တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

 

လက်ရှိမှာတော့ AA သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှာတော့ စစ်ရေးတင်းမာနေပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ- တောင်ကုတ်မြို့အခြေစိုက် စကခ-၅ တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေ နေရာပြမြေပုံ

 

 

Related News

Depend on news