စစ်ကောင်စီတပ် ဒုတိယမြောက်စစ်ဌာနချုပ်အဖြစ် အမ်းနပခ AA ဆီ ထပ်မံလက်လွှတ် ရ တိုင်းမှူး၊ ဒုတိုင်းမှူးနဲ့ ဗိုလ်မှူးချုပ်တွေ ထွက်ပြေးလို့သတင်းထွက်ပေါ်
ရခိုင်ပြည်၊ အမ်းမြို့မှာ စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(AA)က ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်မှာ အလုံးစုံနီးပါးသိမ်းပိုက်ရရှိသွားပြီလို့ CJ Platform ရဲ့ ခိုင်လုံတဲ့ AA စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လတ်တလော နပခကို သိမ်းပိုက်ပြီးနောက် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ AA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“နပခ ခွင်(ဂွင်)လေးတစ်ခုပဲကျန်တော့ချိန်မှာ သူတို့ကိုလက်နက်ချဖို့ AA က ပြောတယ်။ သူတို့မချဘူး။ စခန်းကတော့ အခုကျသွားပြီ” လို့ သူက CJ Platform ကို အတည်ပြုပါတယ်။
အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ နပခကလွဲလို့ ကျန်တပ်စခန်းတွေအားလုံးကို သိမ်းပိုက်ရရှိထားတယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၆ ရက်နေ့မှာ AA က ထုတ်ပြန်ပြီးနောက် နပခကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲကို ဒီနှစ် မတ်လ ၂၄ ရက်နေ့မှာ AA က စတင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ ရှစ်လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့တာပါ။
တိုက်ပွဲကာလအတွင်းမှာ နပခကနေ တိုင်းမှူးနဲ့ ဒု-တိုင်းမှူးအပါအဝင် အရာရှိတွေ ထွက်ပြေးသွားတဲ့အပြင် လက်ရှိနပခကို ဦးဆောင်နေတဲ့ ယာယီဗိုလ်မှူးချုပ် ကျော်ကျော်သန်းကလည်း တိုက်ပွဲအတွင်း ထွက်ပြေးပျောက်ဆုံးနေတယ်လို့ ပြောဆိုမှုတွေရှိသလို သေဆုံးသွားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ အမ်းဒေသတစ်ခုလုံး AA ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီလို့ CJ Platform ရဲ့သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
နပခ မကျစေရေး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ကုန်းလမ်းကနေပါ စစ်ကူအင်အား ဆက်တိုက်ပေးပို့ခဲ့ပေမဲ့ AA ထိုးစစ်ကို မခုခံနိုင်ခဲ့ဘူးလို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့ကို AA က လော်စပီကာနဲ့အော်ပြီး လက်နက်ချဖို့ပြောတယ်။ သူတို့ဘက်က အကြောင်းမပြန်တော့ AA ကလည်း တိုက်တယ်။ စစ်တပ်ကလည်း ဗုံးအကြီးအကျယ်ကြဲချပြီးတိုက်ခဲ့တယ်” လို့ သူက ပြောပါတယ်။
နပခကို သိမ်းပိုက်ရရှိနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ထပ်မံအတည်ပြုနိုင်ဖို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တိုင်းဌာနချုပ် ၁၄ ခုရှိတဲ့အနက် ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အစဉ်အလာကြီးမားတယ်လို့ဆိုတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ် MNDAA ဆီ လက်လွှတ်ထားရတဲ့အတွက် အခုနပခ(အမ်း)ဟာ ဒုတိယမြောက် လက်လွှတ်ရတဲ့ စစ်ဌာနချုပ်ဖြစ်လာပါတယ်။
ဒါ့အပြင် ရခိုင်ပြည်တောင်ပိုင်းက နောက်ထပ်တစ်မြို့ဖြစ်တဲ့ တောင်ကုတ်မြို့က နောက်ဆုံးကျန်တဲ့ စစ်ဆင်ကွပ်ကဲရေးဌာနချုပ်(စကခ)-၅ ကိုလည်း AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသသတင်းဌာနတချို့မှာ ရေးသားဖော်ပြနေပေမဲ့ CJ Platform အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အာရက္ခတပ်တော်(AA)က ချင်းပြည်၊ ပလက်ဝမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ အမ်း၊ ပေါက်တော၊ ရမ်းဗြဲနဲ့ မြောက်ဦးမြို့တို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်နဲ့ မာန်အောင်မြို့တို့ကိုသာ AA အနေနဲ့ သိမ်းပိုက်ရန် ကျန်ရှိတော့တာဖြစ်ပြီး လက်ရှိမှာလည်း ဂွနဲ့ တောင်ကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ရခိုင်ပြည်ကို ၂၀၂၅ ခုနှစ်မကုန်ခင် စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် လုပ်ဆောင်ပေးမယ်လို့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်သူတွေကို ပြောဆိုထားပါတယ်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- အမ်းမြို့ စခန်းသိမ်းတိုက်ပွဲအတွင်း ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်