ရိက္ခာပို့ယာဥ်အား လုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ် မိုင်းထိ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လက်နက်နှင့်ရိက္ခာများသယ်ဆောင်လာသည့် စစ်ကောင်စီယာဥ်အား လုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
ရေဦးမြို့မှ မိုးကာအုပ်ထားသည့်စစ်ကောင်စီ ယာဥ် တစ်စီးသည် ယနေ့မနက်ပိုင်းမှာ မူးတိမ်ချောင်း တံတားတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများထံ လက်နက်နှင့် စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်နေစဥ် လမ်းပိုင်းလုံခြုံရေးအတွက်ထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို အင်းပတ်ကွေ့၊ သရက်ပင်စု၊ မြင်းဒေါင်းကျေးရွာ လမ်းပိုင်းတစ်နေရာမှာ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အသေအပျောက်ရှိမရှိကို မသိရသေးကြောင်းနှင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သရက်ပင်စု ကျေးရွာမှ အသက်၅၀ကျော် အရွယ် အမျိုးသမီး တစ်ဦး လက်နက်ငယ်ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။