တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ လားရှိုးအပါအဝင် စစ်မြေပြင်အားလုံး ဒီကနေ့က စရပ်စဲပြီလို့ MNDAA ကြေညာ
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လားရှိုးအပါအဝင် စစ်မြေပြင်အားလုံး ဒီကနေ့ကစပြီး အပစ်အခတ်ရပ်စဲသွားမယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စစ်ဘေးဒုက္ခဒဏ်ကို ခံစားနေရတဲ့ပြည်သူတွေအတွက် ပြည်တွင်းစစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ဖို့အတွက် စစ်ရေးကို ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အပစ်အခတ်ရပ်စဲနေချိန်မှာ စစ်ကောင်စီအနေနဲ့လည်း နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်ဆင်မှုတွေကို မလုပ်ဆောင်ဘဲ ရပ်တန့်ထားဖို့ကိုလည်း တောင်းဆိုထားပါတယ်။
MNDAA အနေနဲ့တော့ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုံခံကာကွယ်ခွင့်ကို ကိုင်စွဲထားမယ်လို့ ဆိုပါတယ်။
နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီက ရပ်တန့်ထားရမယ်လို့ တောင်းဆိုချက်မှာ MNDAA ထိန်းချုပ်ရာ ဒေသတွေအပြင် အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေပါ ပါဝင်ခြင်း ရှိမရှိကိုတော့ တိကျစွာ ထည့်သွင်း ဖော်ပြထားတာ မရှိပါဘူး။