ရန်ကုန်-ကိုကိုးကျွန်း ရေလမ်းခရီးစဉ် ပြန်စမယ်
ရန်ကုန်-ကိုကိုးကျွန်း ရေလမ်းခရီးစဉ်အတွက် လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဂန္ဓာရေယာဉ်အသစ်ကို ပင်လယ်ပြင်မှာ စမ်းသပ်မောင်းနှင်ပြီးနောက် ပြန်လည်ပြေးဆွဲတော့မယ်လို့ ဒီအကြောင်းသိရှိထားတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးဆီက စုံစမ်းသိရှိရပါတယ်။
ပင်လယ်ပြင်မှာ စမ်းသပ်မောင်းနှင်ပြီး ရေကြောင်းပြေးဆွဲစဉ်အဆင်ပြေစေဖို့ ကိုကိုးကျွန်း မီးပြတိုက် (မင်္ဂလာမီးပြတိုက်) ရဲ့ မီးအိမ်စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
“စမ်းမောင်းတဲ့ နေ့မှာ ဝန်ထမ်းတွေ၊ ပြောင်းရွှေ့မိန့်ကျတဲ့ ဝန်ထမ်းနဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေကို လိုက်ပါခွင့်ပေးမှာပါ။ မကြာခင်မှာတော့ ခရီးစဉ်စတင်ပြေးဆွဲပါမယ်”လို့ သူက ပြောပါတယ်။
အဲ့ဒီ စမ်းသပ်မောင်းနှင်မှု အောင်မြင်ပါက ဂန္ဓာရေယာဉ်အသစ်ကို ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်အတိုင်း မကြာခင်ရက်ပိုင်းအတွင်း ပြေးဆွဲပေးမှာဖြစ်ပြီး လမ်းကြုံလိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ လိုက်ပါနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ဝန်ထမ်းတွေကိုတော့ အခမဲ့ စီးနင်းခွင့် ပေးသွားမှာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ရေယာဉ် တရားဝင်ပြေးဆွဲသွားမယ့် ရက်စွဲကိုတော့ စမ်းသပ်ကာလအပြီး တရားဝင်သတ်မှတ် ကြေညာပေးသွားမှာ ဖြစ်သလို တစ်ပတ်မှာ တစ်ရက်သာ ပြေးဆွဲမှာဖြစ်တယ်လို့ ကနဦး သိရှိရပါတယ်။
လက်ရှိ ကိုကိုးကျွန်းမှာ တရုတ်စီမံကိန်းတွေဖော်ဆောင်နေပြီး တရုတ်ရဲ့ အကူအညီနဲ့ လေယာဉ်ကွင်းနဲ့ အခြားအဆောက်အအုံတွေ ဆောက်လုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။
အခု ခရီးစဉ် ပြေးဆွဲမယ့် စိတ်ကူးဟာ ပြည်သူတွေအတွက် ဖော်ဆောင်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီအနေနဲ့ တရုတ်အကျိုးကိုသာ ကြည့်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ ရန်ကုန်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
“တရုတ်စီမံကိန်းတွေအများကြီး အဲဒီမှာ ဖော်ဆောင်နေတာ ကျွန်းက တရုတ်အပိုင် ဖြစ်သွားပြီလို့တောင် အရင်တလောက သတင်းတွေ ကြားမိသေးတယ်။ လူအသွားအလာနည်းတဲ့နေရာကို ခရီးစဉ်ဆွဲကတည်းက ဘယ်သူ့အတွက် လုပ်နေတာလဲ သိသာနေတာပဲ” လို့ သူက ပြောပါတယ်။
ခရီးစဉ်ကို တရားဝင် ရက်မသတ်မှတ်ရသေးတဲ့အတွက် ကုန်ကျစရိတ်အသေးစိတ် မသိရသေးသလို ကုန်ကျငွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ CJ Platform အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိ ရန်ကုန်မြို့မှာ စစ်ကောင်စီအနေနဲ့ ရေယာဉ်ခရီးစဉ်အဖြစ် ရန်ကုန်-ဒလ-ရန်ကုန်ခရီးစဉ်ကို နံနက် ၅ နာရီကနေ ည ၈ နာရီခန့်ထိ သင်္ဘော နှစ်စင်းနဲ့ နာရီဝက်ခြား ပြေးဆွဲပေးနေပြီး ရန်ကုန်-ကိုကိုးကျွန်း-ရန်ကုန် ခရီးစဉ် သတ်မှတ်ပြီးပါက ရန်ကုန်တိုင်းအတွင်း ပြေးဆွဲမဲ့ ရေယာဉ်ခရီးစဉ် နှစ်ခုအထိ ရှိလာမှာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလအတွင်းမှာ ရေလမ်းခရီးစဉ်အဖြစ် စစ်ကောင်စီက ကိုကိုးကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ၊ ၂၄ နာရီ မီးလင်းရေးကို အထောက်အကူပြုမဲ့ ဒီဇယ်ဆီတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုသာ ပို့ဆောင်မှုတွေရှိတယ်လို့ အသိပေးထားပါတယ်။
ရန်ကုန်-ကိုကိုးကျွန်း သင်္ဘော ခရီးစဉ်ကို အရင် NLD အစိုးရလက်ထက်က ပြေးဆွဲဖူးပြီး အဲဒီကာလတုန်းကလည်း ကိုကိုးကျွန်းဒေသခံ ပြည်သူတွေနဲ့ ကိုကိုးကျွန်းကို သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်းထမ်းတွေ ခရီးသွားလာရေး ချောမွေ့စေရေးအတွက် ရည်ရွယ် ပြေးဆွဲခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က စီမံ အကောင်အထည်ဖော်ပေးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး
ပုံစာ – ရန်ကုန်ကနေ ကိုကိုးကျွန်းမြို့နယ်ကို ပြေးဆွဲခဲ့တဲ့ သင်္ဘောတစ်စင်းကို တွေ့ရစဉ်