စေတုတ္တရာနဲ့ ပွင့်ဖြူအစပ်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံခြောက်ဦးဖမ်းဆီးခံရတဲ့အပြင် အမျိုးသမီးတစ်ဦးသေဆုံး၊ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်ရဲသေး

Author မင်းထက်
Categories
Published on Nov 30, 2024

မကွေးတိုင်း၊ စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်အစပ်က ကျေးရွာ ငါးရွာခန့်ကို နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ရာမှာ ဒေသခံခြောက်ဦးဖမ်းဆီးခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ အဲဒီဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းမှာ ဆင်လူးရွာပျူစောထီး၊ ကပစ-၂၀၊ ခလရ-၂၅၃ နဲ့ ၂၅၄ တပ်က စစ်ကောင်စီတပ်သား ၁၀၀ ခန့်ပါဝင်ပြီး နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာဘက်ကနေ စေတုတ္တရာမြို့နယ်၊ ကျောက်ပုံရွာနဲ့ ညောင်ကုန်းရွာကို တပြိုင်နက်အင်အားဖြန့်ခွဲပြီး ဝင်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်း၀င်ရောက်ချိန်မှာ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်ပုံရွာက အသက်(၆၅)နှစ်အရွယ် ဒေါ်တင်ပိုင်ထိမှန်ပြီး နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းက ကျောက်ပုံရွာနဲ့ ညောင်ကုန်းရွာမှာ ညအိပ်ပြီး နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီခန့်ကစလို့ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စေတုတ္တရာမြို့နယ် ‌ကျောက်ပုံရွာက လူနေအိမ် ၁၀ လုံး၊ ညောင်တုန်းရွာက လူနေအိမ်သုံးလုံးနဲ့ ဆန်အိတ် ၅၀ ကျော်၊ ပွင့်ဖြူမြို့နယ်၊ လယ်မရွာက လူနေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ ကျောက်ပုံရွာက ဒေသခံအမျိုးသား ခြောက်ဦးလည်း ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

ယမန်နေ့ နို၀င်ဘာ ၂၉ ရက်မှာ စစ်ကြောင်း၀င်ရောက်မီးရှို့ခဲ့တဲ့ရွာတွေကို တော်လှန်ရေးအဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေး၀င်ရောက်ခဲ့ပြီး ကျောက်ပုံရွာက ဒေါ်တင်ပိုင်ကိုလည်း ကောင်းမွန်စွာသဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်း၀င်ရောက်ချိန် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားက ထိတွေ့တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ အန္တရာယ်နဲ့ စစ်ရေးအခြေအနေတွေကြောင့် စေတုတ္တရာနဲ့ ပွင့်ဖြူအစပ်က ကျေးရွာငါးရွာလောက်က ဒေသခံ ၃၀၀၀ ကျော်စစ်ဘေးရှောင်ခဲ့ရပြီး ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့ထိ နေရပ်ပြန်မရဲသေးဘူးလို့ သိရပါတယ်။

“ရွာငါးရွာက စစ်ရှောင်တွေက ကိုယ်အဆင်ပြေတဲ့ဘက် ခွဲရှောင်ကြရတော့ တကွဲစီဖြစ်နေတယ်။ မပြန်နိုင်သေးပါဘူး။ မနေ့က(နိုဝင်ဘာ ၂၉)မနက်ကမှ ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေး စဝင်ခဲ့တယ်” လို့ စေတုတ္တရာမြို့နယ်ပကဖ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်က စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာကို စစ်ကြောင်းထိုး မီးရှို့လို့ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။