AA သိမ်းလိုက်တဲ့တောင်ကုတ်မှာ သူခိုးတွေထနေလို့ လိုက်လံဖမ်းဆီးနေ
ရခိုင်ပြည် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၂၄ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့အတွင်း သူခိုးများဖောက်ထွင်းခိုးယူမှုတွေရှိနေတဲ့အတွက် လိုက်လံဖမ်းဆီးနေတယ်လို့ အာရက္ခတပ်တော် AA ရဲ့ ယမန်နေ့ညပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်ကုတ်မြို့တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ တိုက်ပွဲတွေပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး ခိုးယူရုံသာမက နေအိမ်တွေပါဖျက်ဆီးနေတဲ့သူခိုးတွေကို ခိုးရာပါပစ္စည်းတွေနဲ့အတူ နေ့စဉ်ဖမ်းဆီးရမိနေတယ်လို့ AA က ဆိုပါတယ်။
အဲဒီလိုဖမ်းဆီးရမိတဲ့ ခိုးရာပါပစ္စည်းတွေကို ပိုင်ရှင်အစစ်အမှန်လက်ထဲ ပြန်အပ်နှံသွားမှာဖြစ်ပြီး လတ်တလောတိုက်ပွဲတွေပြင်းထန်နေတာကြောင့် AA လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းဆည်းထားတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် AA က တောင်ကုတ်မြို့ကို ထိုးစစ်မစတင်ခင်ကတည်းက မြို့တွင်းမြို့ပြင်က ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဆော်ဩထားသလို တိုက်ပွဲနဲ့ ကင်းလွတ်ရာနေရာတွေကိုလည်း ရွှေ့ပြောင်းပေးထားခဲ့တယ်လို့ AA က ပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲလွတ်ရာကို တိမ်းရှောင်ကြတဲ့ ဒေသခံတွေရှိသလို နေအိမ်တွေမှာ ကျန်ရစ်ခဲ့သူတွေလည်းရှိခဲ့ပြီး လက်ရှိ တောင်ကုတ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ယောက်မှမရှိတော့ဘဲ အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို မြို့ကိုထိန်းချုပ်ခဲ့ပြီးနောက် လက်ကျန်ဒေသခံတွေကို ဘေးလွတ်ရာကို ဆက်လက်ရွှေ့ပြောင်းပေးခဲ့ပေမဲ့ ပစ္စည်းများခိုးယူဖို့ချောင်းနေကြတဲ့သူခိုးတွေကျန်နေတယ်လို့ သိရပါတယ်။
လက်ရှိ AA အနေနဲ့ တောင်ကုတ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)-၅ တပ်မဌာနချုပ်နဲ့ ခမရ-၃၄၆ ၊ ခမရ-၅၄၄ တပ်ရင်းဌာနချုပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေကတော့ နိုဝင်ဘာ ၂၇ ရက်မှာ ခမရ-၃၄၆ နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ခမရ-၅၄၄ ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ ပြောထားပါတယ်။
ရခိုင်ပြည်မှာ ဗိုလ်မှူးချုပ်အဆင့်ကွပ်ကဲတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) သုံးခုရှိတဲ့အနက် ကျောက်တော်အခြေစိုက် စကခ-၉ နဲ့ ဘူးသီးတောင်အခြေစိုက် စကခ -၁၅ တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတာကြောင့် စကခ-၅ သာ သိမ်းပိုက်ဖို့ ကျန်ရှိပါတော့တယ်။
ဓာတ်ပုံ- AA Info Desk
ပုံစာ – ဖမ်းဆီးရမိတဲ့ သူခိုးများကို AA ထုတ်ပြန်ထားတာကိုတွေ့ရစဉ်