အင်ဒိုနီးရှားမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံး
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမာတြားပြည်နယ်မှာ ရုတ်တရက်ရေကြီးမြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ၂၇ ဦး သေဆုံးခဲ့သလို ရွှံ့ထဲမှာ နစ်မြုပ်နေတဲ့ မီနီဘတ်စ်ကားအပါအဝင် ကားပေါ်က ခရီးသည်တွေကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပြည်နယ်အတွင်းက ခရိုင်လေးခုမှာ ရုတ်တရက်ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဒေလီဆာဒန်းကျေးရွာမှာ မြေပြိုခဲ့တာကြောင့် လူခုနစ်ဦးသေဆုံးပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြောက်ဆူမားတြားပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာဒီဝါယူဒီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြည်နယ်ချင်းဆက်လမ်းပေါ်က တောင်တက်လမ်းမှာ မြေပြိုခဲ့တဲ့အတွက် ရွှံ့နွံတွေထဲ နစ်မြုပ်သွားတဲ့ မီနီဘတ်စ်ကားနဲ့ တခြားယာဉ်တွေထဲက ပိတ်မိနေသူတွေအပါအဝင် ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေပြီး ထိခိုက်နစ်နာသူအရေအတွက်ကိုတော့ မခန့်မှန်းနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
တခြားနေရာတွေမှာလည်း ပြီးခဲ့တဲ့ သီတစ်ပတ်အကုန်ကနေ စတင်ခဲ့တဲ့ ရှာဖွေရေးလုပ်ငန်းစဉ်မှာ သေဆုံးသူ ၂၀ ကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူနှစ်ဦးကိုလည်း ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
“ဒီနေ့မှာတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ မြေပြိုမှုကြောင့် ပိတ်နေတဲ့ လမ်းတွေကို ရှင်းလင်းဖို့ အဓိကထား လုပ်ဆောင်နေပါတယ်။ တူးဖော်ရေး စက်ယန္တရားတွေကိုလည်း အသုံးပြုနေပါတယ်” လို့ မစ္စတာဟာဒီက ဆိုပါတယ်။
ရုတ်တရက် ရေကြီးမြေပြိုမှုတွေကြောင့် နေအိမ်တွေ၊ ဗလီတွေနဲ့ စပါးခင်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခဲ့တဲ့အတွက် ပြည်နယ်ရဲ့ မြို့တော် မီဒန်မှာ ကျင်းပနေတဲ့ ဒေသန္တရ ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား မိုးလေဝသဌာနကတော့ လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံတဝှမ်းမှာ မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်တဲ့အတွက် နှစ်ကုန်ပိုင်းမှာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်လာနိုင်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- Reuters
ပုံစာ- မြောက်ဆူမားတြားပြည်နယ်၊ ကာရိုဒေသက Semangat Gunung ကျေးရွာမှာ ရေကြီးမြေပြိုမှုကြောင့် လမ်းပေါ်တင်ကျန်နေတဲ့ ရွှံ့နွံတွေထဲ ဖြတ်သန်းသွားနေတဲ့ ကလေးငယ်တစ်ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား- Reuters