တောင်ကုတ်က စစ်ကောင်စီအဓိကတပ်ရင်း နှစ်ခုကို နှစ်ရက်ဆက် AA သိမ်းပိုက်

Author သုတ
Categories
Published on Nov 28, 2024

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ တောင်ကုတ်မြို့က စစ်ကောင်စီရဲ့ အဓိက တပ်ရင်းနှစ်ခုကို နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက် နှစ်ရက်ဆက် အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅) လက်အောက်ခံ ခမရ-၃၄၆ နဲ့ ခမ-၅၄၄ တပ်ရင်းနှစ်ခုလုံးကို AA က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“အညံ့ခံသူတချို့တွေလည်းရှိပေမဲ့ အများစုက AA ထိုးစစ်ကို ပြန်ခုခံတယ်။ ဒီနေ့မှာတော့ တပ်ရင်းနှစ်ခုလုံးကို AA ရသွားပြီ။ စကခ-၅ ပဲကျန်တယ်” လို့ သူက ပြောပါတယ်။

 

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ညနေပိုင်းမှာ ခမရ-၃၄၆ ကို သိမ်းပိုက်ရရှိခဲ့ပြီး ခမရ-၅၄၄ ကိုတော့ ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

လက်ကျန် စကခ-၅ ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

“စကခ-၅ ကိုပါ သိမ်းနိုင်ပြီဆိုရင် တောင်ကုတ်တစ်ခုလုံးက AA လက်ထဲရောက်ပြီ။ အခုအင်အားအလုံးအရင်းနဲ့ ဝင်တိုက်နေတာလို့သိရတယ်။ သိမ်းပိုက်နိုင်ခဲ့ရင်တော့ ၁၂ မြို့မြောက်ဖြစ်ပြီ” လို့ CJ Platform ရဲ့ စစ်ရေးရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ဒီလိုစခန်းတွေသိမ်းပိုက်လိုက်နိုင်တာနဲ့ပတ်သက်ပြီး ထပ်မံအတည်ပြုနိုင်ဖို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

 

AA အနေနဲ့ တောင်ကုတ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အောက်တိုဘာလ ၃၁ ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တောင်ကုတ်မြို့ပေါ်က တပ်စခန်းတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာကတည်းက AA က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ဒါကြောင့် တောင်ကုတ်မြို့သိမ်းတိုက်ပွဲ တစ်လအတွင်း စကခ-၅ တပ်မကလွဲလို့ တပ်စခန်းအားလုံးကိုသိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လက်ရှိ တောင်ကုတ်မြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည်ခုခံနေတယ်လို့ မြေပြင်စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

 

ရခိုင်ပြည်အတွင်း တောင်ကုတ်မြို့အပြင် အမ်း၊ မောင်တောနဲ့ ဂွမြို့တို့မှာလည်း တိုက်ပွဲပြင်းထန်နေပြီး AA က အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ၂၀၂၅ မတိုင်မီ ကျသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။

 

ဓာတ်ပုံ- AA Info Desk

 

ပုံစာ- ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုကို သိမ်းပိုက်ရရှိပြီးနောက် AAတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်