စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံလွှင့်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီဝါဒဖြန့်၊ မြဝတီရုပ်မြင်သံကြား အဆောက်အအုံကို ၄၀ မမ ဗုံးသီး သုံးလုံးနဲ့ နိုဝင်ဘာလ ၂၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ထုတ်ပြန်ပါတယ်။
Yangon Army မြို့ပြပျောက်ကြားတပ်ဖွဲ့ ဖွဲ့စည်းတာ တစ်နှစ်ပြည့်အနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တစ်ခုကို အခုလို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။
“M79 ဗုံးပစ်လောင်ချာနဲ့ ဗုံးသီးသုံးလုံးနဲ့ အဆောက်အအုံကို ထိအောင်ပစ်နိုင်လိုက်ပါတယ်”လို့ Yangon Army က တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။
အခု ပေါက်ကွဲမှုကို မှော်ဘီမြို့ခံတစ်ယောက်ကလည်း ညနေ ၅ နာရီကျော် လောက်က ပေါက်ကွဲသံ သုံးကြိမ် ကြားလိုက်ရတယ်လို့ CJ Platform ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ကလည်း မင်္ဂလာဒုံမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ Dark Shadows အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မြဝတီရုပ်မြင်သံကြားမှာ စစ်ခေါင်းဆောင် စစ်ဆေးနေစဉ်။