KIA ပူးပေါင်းတပ်ဖွဲ့တွေ အလုံးစုံထိန်းချုပ်ထားတဲ့ ကန်ပိုက်တီမြို့ထဲ ပြည်သူတွေ ပြန်မဝင်နိုင်သေး

Author လဂွန်းအိမ်၊ ဆလိုင်း
Categories
Published on Nov 21, 2024

ကချင်ပြည်၊ အထူးဒေသ- ၁၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ညက KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထိမ်းချုပ်လိုက်ပေမဲ့ ပြည်သူတွေ ပြန်မဝင်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် နဲ့ ၂၀ ရက် မနက်ပိုင်းက ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်အပြီး ပြည်သူတွေက နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံနေကြရတာဖြစ်တယ်လို့ ပြောပါတယ်။

 

“မနေ့က မနက်အစောပိုင်းမှာ အကုန်ပြေးကြရတာပဲ။ အခုအထိတော့ ဘယ်သူမှ ပြန်မဝင်ကြဘူး။ လေယာဉ်ဗုံးကြဲမှာ ကြောက်လို့” လို့ အဲဒီက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကန်ပိုက်တီမြို့ မှာ လေကြောင်းဗုံးကြဲတာလည်း မရှိသလို လက်နက်သံတွေလည်း မကြားရတော့ဘဲ လက်ရှိမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ဌာနဆိုင်ရာရုံးတွေမှာ ကချင်အမျိုးသားအလံကို လွှင့်ထူထားတဲ့အပြင် တရုတ်မြန်မာ နယ်စပ်ဂိတ်မှာလည်း လွှင့်ထူခဲ့တယ်လို့ သိရပါတယ်။

 

ကန်ပိုက်တီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေနဲ့ Non CDM ဝန်ထမ်းတွေဟာ ပြီးခဲတဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက တရုတ်နိုင်ငံကို ပို့ဆောင်ထားတယ်လို့ သိရပြီး လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

 

“ဖမ်းဆီးရမိထားတာတွေလည်းရှိပါတယ်။ လက်နက်သိမ်းဆည်း ရမိတာတွေလည်းရှိပါတယ်။ အသေးစိတ်တော့မသိရသေးပါဘူး”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမရှိသလို ယမန်နေ့ညကတော့ လေယာဉ်ဝဲတာတော့ရှိခဲ့ပြီး လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှု မရှိဘူးလို့ သိရပါတယ်။

 

KIA ပူးပေါင်းတပ်ဖွဲ့တွေက ကန်ပိုက်တီမြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ-၃၈၉ နဲ့ ဇခုန်တိမ့်ယိန်းဦးဆောင်တဲ့ ပြည်သူစစ်လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်တို့ကို ယမန်နေ့ တစ်ရက်ထဲမှာ အပြီးသတ်တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ကန်ပိုက်တီမြို့ဟာ ကချင်အထူးဒေသ – ၁ ရဲ့ နောက်ဆုံး လက်ကျန်မြို့ဖြစ်သလို ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်အတွင်း ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့က ဒေသခံတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ခဲ့တာတွေ ရှိခဲ့ပေမဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ညက အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။

 

ရုပ်သံ – ကချင်တောင်တန်း