ငဖဲက ချင်းရွာတွေမှာ ငှက်ဖျားဆေးပြတ်လို့ ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်၊ ဆေးမြီးတိုတွေနဲ့ ကုသနေရပြီး ဆေးဝါးအကူအညီတွေလိုအပ်

Author ဆလိုင်း
Categories
Published on Nov 19, 2024

မကွေးတိုင်း၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသ ချင်းရွာတွေမှာ ဒီနှစ် ၂၀၂၄၊ သြဂုတ်လကနေစပြီး ငှက်ဖျားဆေးဝါးတွေပြတ်လပ်နေတဲ့အတွက် ရောဂါဖြစ်ပွားနှုန်းမြင့်တက်နေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

အဲဒီ ချင်းရွာတွေက ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ထားမှုတွေကြောင့် ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး ဆေးဝါးတွေ အလွယ်တကူဝယ်ယူလို့မရတဲ့အတွက် ဆေးဝါးပြတ်လပ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“တချို့ငှက်ဖျားလူနာတွေဟာ ငှက်ဖျားသောက်ဆေး သောက်လိုက်တာနဲ့ သက်သာသွားမယ့်သူတွေလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သောက်ဆေးတွေမရှိဘူး ဖြစ်နေတယ်။ အခုလူနာတွေက နေပြန်ကောင်းလိုက်၊ ဖျားလိုက်ဖြစ်နေကြတယ်။ ရွာထဲမှာ ဘယ်သူ့ဆီမှ ဆေးမရှိဘူး။ ငှက်ဖျားဆေးတွေ၊ ငှက်ဖျားစစ်ကိရိယာတွေ အကူအညီတွေ လိုအပ်နေတယ်” လို့ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့ ဆေးဝါးတွေကို ငဖဲမြို့နဲ့ ပဒါန်းမြို့ပေါ်တွေက ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ အဲဒီမြို့တွေက ဆေးဆိုင်အများစုမှာ ဆေးတွေပြတ်လပ်နေသလို ရတဲ့ဆေးဆိုင်မှာလည်း လိုချင်သလောက်ဝယ်ယူလို့မရတော့ဘူးလို့ သိရပါတယ်။

 

ဒါကြောင့် ဒီနှစ်မှာ ငှက်ဖျားရောဂါလူနာအရေအတွက် ပိုများလာပြီး သူတို့တွေဟာ ဆေးဝါးကုသမှုမရဘဲ ရိုးရာဆေးမြစ်တွေနဲ့ ကုသနေကြတယ်လို့ သိရပါတယ်။

 

“အရင်လတွေက ငှက်ဖျားဖြစ်တဲ့လူနာတချို့က ဆေးကုသမှုလုပ်ပေးနိုင်ခဲ့တယ်။ အခုရွာထဲမှာ ဆေးကုန်သွားတာလည်း ကြာပြီ။ အဲဒီတော့ အခုနောက်ပိုင်း ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး ဆေးကုသမှုမလုပ်တော့နိုင်ဘူး။ အနီးနားမြို့တွေက ဆေးဆိုင်တွေမှာလည်း ငှက်ဖျားစစ်ကိရိယာတွေ၊ ဆေးဝါးတွေကုန်နေတယ်။ မကွေးမြို့အထိ သွားဖို့ကလည်း အခုအခြေအနေနဲ့ အဆင်မပြေဘူး” လို့ ချင်းရွာဖြစ်တဲ့ ဂုတ်ကြီးကျေးရွာက စေတနာ့ဝန်ထမ်းဆေးဆရာတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ငှက်ဖျားရောဂါနဲ့ပတ်သက်လို့ အချိန်မီ ဆေးကုသမှုမခံယူပါက အသက်ကြီးပိုင်းနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ်စိုးရိမ်နေရပြီး အသက်သေဆုံးတဲ့အထိ ရှိလာနိုင်တယ်လို့ ငှက်ဖျားကုပေးတဲ့ သူက ပြောပါတယ်။

 

ငှက်ဖျားရောဂါဖြစ်ပွားတဲ့ကျေးရွာတွေဟာ လေသာ၊ လိုင်၊ ဘုံဘော၊ ကန်မြင့်ကန်၊ မထုံး၊ ထုံးကြီး၊ ဂုတ်စီးရိုး၊ စပ်စီ၊ အာဇာ၊ ဂုတ်ကြီး၊ ဝက်စားကျင်း၊ စွန့်တက်နဲ့ တခြားချင်းရွာတွေဖြစ်ပြီး တစ်ရွာကို လူခုနစ်ဦးနဲ့အထက် ငှက်ဖျားရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ငဖဲမြို့နယ်နဲ့တဆက်တည်းတည်ရှိတဲ့ မင်းတုန်း၊ အထက်မင်းလှ၊ စေတုတ္တရာ စတဲ့မြို့နယ်တွေက ချင်းရွာတွေမှာလည်း ငှက်ဖျားရောဂါဖြစ်ပွားနေပြီး အသက်ကြီးပိုင်းတွေ အသက်သေဆုံးတဲ့အထိရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ငဖဲမြို့နယ်၊ ဂုတ်ကြီး(ချင်း)ရွာကို တွေ့မြင်ရစဥ်