ရန်ကုန်က ကျေးရွာတွေ ရှစ်လလောက်ကြာတဲ့အထိ နေ့ဘက် မီးမရသေး

Author ကိုထက်
Categories
Published on Nov 18, 2024

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီဘက်က နေ့ဘက်လျှပ်စစ်မီးဖြတ်ထားတာ ရှစ်လလောက်ကြာပြီဖြစ်ပေမဲ့ မရသေးဘူးလို့ ကြုံတွေ့နေရသူတွေဆီကနေ သိရပါတယ်။

 

ကျေးရွာတွေအများစုရှိတဲ့ ထန်းတပင်၊ မှော်ဘီနဲ့ သန်လျင်‌မြို့နယ်တွေမှာ ဒီနှစ် ၂၀၂၄ ဧပြီလကတည်းကနေ ဒီကနေ့အထိ ဝန်အားမနိုင်နင်းမှုကြောင့်လို့ဆိုကာ နေ့ဘက်တွေမှာ မီးဖြတ်ထားတာဖြစ်တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

မှော်ဘီမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှာ ည ၈ နာရီလောက်မှ စစ်ကောင်စီကပေးတဲ့ လျှပ်စစ်မီးရတယ်လို့ အဲဒီရွာခံ ကိုအောင်က ပြောပါတယ်။

 

“တစ်နေကုန်ဖြတ်ထားတော့ လာတဲ့အချိန်မှ ဝိုင်းပြုံသုံးကြတော့ ကြိုးပြတ်တာတွေဘာတွေဖြစ်တော့ အချိန်လေးနဲ့ သေချာပြန်စိစစ်ပြီးပေးဖို့လိုတာပေါ့” လို့ သူက ပြောပါတယ်။

 

ဒါပေမဲ့ မီတာခပေးဆောင်ရတာမှာတော့ နှစ်ဆကျော်စတင်ကောက်ခံတဲ့ စက်တင်ဘာလကတည်းက အရင်ထက်တိုးပြီးပေးဆောင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

ထန်းတပင်မြို့နယ်က ကျေးရွာတွေမှာတော့ ပြီးခဲ့တဲ့ဇွန်လကတည်းက နေ့ဘက်တွေ လျှပ်စစ်မီးဖြတ်တောက်ခံထားရတယ်လို့ အဲဒီမြို့နယ်ထဲက အနောက်ပိုင်းတက္ကသိုလ်အနီးမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“လုပ်ငန်းရှိလို့ဆိုပြီးဖြတ်ထားတာ လက်ခံလို့ရတယ်လေ။ အခုဟာက အတူတူဖြတ်ခဲ့တဲ့နေရာတွေက ပုံမှန်လိုလိုပြန်ရနေပြီး ကိုယ်တွေဘက်ကို ညဘက်ကိုးနာရီလောက်မှ ပေးပေးနေတယ်” လို့ သူမက ပြောပါတယ်။

 

အခုလို နေ့ဘက်အချိန်တွေ လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေအနေနဲ့ ထမင်းဟင်းချက်ပြုတ်တာအပါအဝင် လျှပ်စစ်မီးအသုံးပြုလုပ်ကိုင်ရတဲ့ ကိစ္စတွေမှာ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ် ၄၅ မြို့နယ်အတွင်းမှာလည်း လေးနာရီပေး၊ လေးနာရီဖြတ်ဆိုတဲ့ အလှည့်ကျစနစ်နဲ့ လျှပ်မီးပေးနေပေမဲ့ အချိန်မှန်မရတာက များတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ မီတာခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံနေပြီး ရန်ကုန်မြို့ခံလူထုအနေနဲ့ မီတာခတိုးဆောင်နေရပေမဲ့ မီးလာချိန်ကနည်းလို့ နေ့စဉ်လူနေမှုဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – MOEP

 

ပုံစာ – စစ်ကောင်စီရဲ့ ကိုကိုးကျွန်းမြို့နယ်ထဲက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တွေ့မြင်ရစဉ်