လေးလအတွင်း ထိုင်းဘတ်ငွေဈေးနှုန်း အနိမ့်ဆုံးပြန်ရောက်
ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်ထဲ တခြားငွေလဲနှုန်းတွေ ကျဆင်းနေသလောက် တန့်နေတဲ့ ထိုင်းဘတ်ဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ရဲ့ ထိုင်းဘတ်ငွေလဲလှယ်နှုန်းက လေးလအတွင်း အနိမ့်ဆုံး တန်ဖိုးဖြစ်တဲ့ ၁၃၀ ကျပ်ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။
ပြည်တွင်းငွေကြေးဈေးကွက်ထဲ ဒီကနေ့ မနက်မှာတော့ ဘတ်ပေးကျပ်ယူ တစ်သိန်းကျပ်ကို ၇၈၅ ဘတ်နဲ့ ကျပ်ပေးဘတ်ယူ တစ်သိန်းကျပ်ကို ၇၆၅ ဘတ်ဈေး လဲလှယ်နှုန်းရှိခဲ့တယ်လို့ ငွေကြေးဈေးကွက်အတွင်းကနေ သိရပါတယ်။
ဒါဟာ ဇူလိုင်လအတွင်းက ဈေးနှုန်းကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပေမဲ့ တခြားငွေကြေးဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ပါက ထိုင်းဘတ်ငွေဈေးနှုန်းဟာ ကျသင့်သလောက် မကျဘဲ များနေသေးတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန် ဇူလိုင်လဆန်းပိုင်းမှာ ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၃၆ ဒသမ ၆ ဘတ်ရှိခဲ့ပါတယ်။ မြန်မာကျပ်ငွေလဲလှယ်နှုန်းက ကန်တစ်ဒေါ်လာကို ဝယ်ဈေး ၄၄၁၀ ကျပ်နဲ့ ရောင်းဈေး ၄၅၁၀ ကျပ်ဝန်းကျင်ရှိခဲ့ချိန် ထိုင်းတစ်ဘတ်ကို ဝယ်ဈေး ၁၂၁ ကျပ်၊ ရောင်းဈေး ၁၂၅ ကျပ်ဝန်းကျင်မှာသာ ရှိခဲ့တာပါ။
ကမ္ဘ့ာငွေကြေးဈေးကွက်ထဲ ဘတ်ငွေဈေးနှုန်းဟာ တစ်ဒေါ်လာကို ၃၂ ဒသမ ၃ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး အဲဒီနောက်ပိုင်း ဘတ်ငွေတန်ဖိုးပြန်ကျလာတာကြောင့် တစ်ဒေါ်လာကို ၃၄ ဒသမ ၆ အထိ ပြန်ဖြစ်လာခဲ့ပါတယ်။
ထိုင်းဘတ်ငွေဈေးနှုန်းဟာ တစ်ဒေါ်လာကို ဇူလိုင်လကဈေးဖြစ်တဲ့ တစ်ဒေါ်လာကို ၃၆ ဒသမ ၇ အထိ ဖြစ်လာပါက ကျပ်ငွေလဲလှယ်နှုန်းဟာလည်း ပြီးခဲ့တဲ့ဇူလိုင်လတန်ဖိုးအတိုင်း ထိုင်းတစ်ဘတ်ကို ဝယ်ဈေး ၁၂၁ ကျပ်၊ ရောင်းဈေး ၁၂၅ ကျပ် ပြန်ဖြစ်လာချေရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ဗဟိုဘဏ်က ဩဂုတ်လကတည်းက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေနဲ့ ထိုင်းဘတ်တို့ကို Online Trading Platform ကတစ်ဆင့် ရောင်းချပေးခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ခုနစ်သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီလိုရောင်းချခဲ့ရာမှာ ပြီးခဲ့တဲ့အပတ်ထဲ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲကျော်၊ တရုတ်ယွမ်ငွေ ၁၁ ဒသမ ၅၇ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ နီးပါးကို ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကနေ့ နိုင်ငံခြားငွေအပိတ်ဈေးအဖြစ် အမေရိကန်တစ်ဒေါ်လာ ၄၅၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ကျပ်ကျော်၊ တရုတ်တစ်ယွမ်ကို ၆၃၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၂၅ ကျပ်နဲ့ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်ဈေးဖြစ်တယ်လို့ သိရပါတယ်။
သတင်းနဲ့ ဓာတ်ပုံ – လဂွန်းအိမ်