ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတွေ ဖျက်သိမ်းတာ၊ အသစ်ထုတ်ဝေတာ မရှိသလို ဘဏ်တွေလည်း ပိတ်မှာ မဟုတ်လို့ဆို  

Author လဂွန်းအိမ်
Categories
Published on Nov 11, 2024

ဖေ့ဘွတ်ခ်မှာ ဘဏ်တွေနဲ့ ပတ်သက်လို့ ကောလာဟလ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူအသစ်ထုတ်‌ဝေတာတွေ၊ ဖျက်သိမ်းတာတွေ ပြုလုပ်ဖို့ အစီအစဉ်မရှိတဲ့အပြင် ဘဏ်တွေလည်း ပိတ်ဖို့ အခြေအနေမရှိဘူးလို့  နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ငွေကြေးဈေးကွက်တည်ငြိမ်ရေးကို မလိုလားတဲ့ သူတွေဟာ ‌ဖေ့ဘွတ်ခ်က  အခေါက်ရွှေ ရောင်းသူ ဝယ်သူ တိုက်ရိုက် Public Group  နဲ့ Gold Public Group စတဲ့ နေရာတွေမှာ မြန်မာ့ငွေစက္ကူတချို့ ဖျက်သိမ်းနိုင်သလို အသစ်တွေ အစားထိုးဖို့ရှိနေပြီး ဘဏ်တွေလည်း ပိတ်သိမ်းတော့မယ်လို့ မဟုတ်မမှန်ရေးသားနေတယ်လို့ အသိပေးပါတယ်။

 

နိုင်ငံခြားငွေတွေအပေါ် ဈေးကစားဖို့၊ ကုန်ဈေးနှုန်း ကြီးမြင့်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သတင်းတု သတင်းအမှားတွေ ရေးသားတဲ့သူတွေနဲ့ Page/ Group တွေ ထိန်းချုပ်ထားတဲ့သူတွေကို  အရေးယူနိုင်ရန်ဖို့  ဗဟိုဘဏ်က တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

ပြည်သူတွေအနေနဲ့ ကောလဟလ သတင်းတွေကို မယုံကြည်ကြဖို့နဲ့ ငွေကြေးတွေကို ယုံယုံကြည်ကြည် သုံးစွဲနိုင်တဲ့အပြင် ဘဏ်တွေမှာလည်း ငွေကြေးဝန်ဆောင်မှုတွေကို ယုံကြည်စိတ်ချစွာ ပြုလုပ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အခေါက်ရွှေရောင်းဝယ်သူများ ဂရုမှာတော့ ပြီးခဲ့တဲ့ နှစ်ရက်က “1/1/2025 မှာ 20000 ကျပ်တန်

ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှသိရှိရသည်” ဆိုပြီး အမည်မဖော် ရေးသားမှုတွေကို တွေ့ရပြီး အဲဒီဂရုတွေမှာ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကို Screen Shot ပုံတွေနဲ့ ပြန်လည်မျှဝေထားတာကိုလည်း တွေ့ရပါတယ်။

 

ဗဟိုဘဏ်ဟာ မြန်မာကျပ်ငွေ နှစ်သောင်းတန်ကို ၂၀၂၃ ခုနှစ် ဇူလ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ ကြေညာပြီးနောက် ငွေစက္ကူအသစ်တွေကို အကန့်အသတ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက စစ်ကောင်စီဟာ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ ငွေစက္ကူအသစ်ထုတ်ဝေတာဖြစ်ပြီး တရားဝင် အစိုးရမဟုတ်လို့ ငွေထုတ်ပိုင်ခွင့် မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တုံ့ပြန်ခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဗဟိုဘဏ်ကို တွေ့ရစဉ်

 

Related News

Depend on news