မောင်တောမှာ အေအေ ထိုးစစ် ပြင်းထန်လာ
ရခိုင်ပြည်၊ မောင်တောမြို့မှာ နိုဝင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ-၅ တပ်ရင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မောင်တောမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေ ပြန်လည်စတင်လာခဲ့တာပါ။
“တပ်တော်မှာ အစီစဉ်တော့ရှိမှာပေါ့။ သူတို့ဆက်မတိုက်ဘဲ ခဏရပ်သွားတယ်။ သိပ်မကြာဘူး အခု ပြန်ပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေပြီ”လို့ CJ Platform ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
မောင်တောမြို့ကို အေအေက အလုံးစုံ ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီအနေနဲ့ စစ်ကူအင်အား ပို့ပေးနိုင်ခြင်းမရှိဘဲ လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို လေယာဉ်ပေါ်ကနေသာ လေထီးနဲ့ နခခ -၅ ထဲ ပို့ဆောင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
“စစ်ကူတောင် ပို့မရတော့ဘူး။ လက်ကျန်အင်အားလည်း သိပ်မရှိဘူး။ အဖက်ဖက်က ပိတ်ဆို့ထားတယ်။ လေယာဉ်နဲ့ လက်နက်တွေ၊ ရိက္ခာတွေလာချလို့ သူတို့ခံသာနေတာ။ မဟုတ်ရင် အစာပြတ်ပြီး ခုခံနိုင်မှာတောင် မဟုတ်တော့ဘူး”လို့ အေအနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးထဲ နခခ-၅ တပ်ရင်းဟာ အခိုင်မာဆုံးတပ်စခန်းဖြစ်တာကြောင့် အေအေအတွက် တိုက်ယူရတာ ခက်ခဲနေတယ်လို့ သူက ဆက်ပြောပါတယ်။
“မောင်တောကစခန်းတွေ အားလုံးမှာ နခခ-၅ က ခိုင်ခိုင်မာမာကို တည်ဆောက်ထားတဲ့စခန်း၊ သေချာကို ဖွဲ့စည်းထားတာ။ အဲဒီအတွက် အခြားတပ်ရင်းတွေကို တိုက်ရတာလောက်မလွယ်ဘူး။ သူ့လိုပဲ အရင်ကလည်း ခက်ခက်ခဲခဲတိုက်ယူရတာရှိခဲ့တယ်။ ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတုန်းကပေါ့”လို့ ပြောပါတယ်။
လက်ရှိ နခခ -၅ စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁,၀၀၀ ကျော်ရှိနေပြီး ရိက္ခာမလုံလောက်တဲ့အတွက် အစာရေစာ ပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေရတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ လေကြာင်းကနေ လေထီးနဲ့ ရိက္ခာတွေ လာချပေးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီအနေနဲ့ အေအေရဲ့ ထိုးစစ်ကို လေကြောင်းတစ်ခုထဲကနေ ခုခံနေရပြီး နခခ-၅ အနေနဲ့ အားအင်ချိနဲ့နေပြီလို့ မြေပြင်စစ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
“နခခ-၅ ထဲကနေ ဘာမှမလုပ်နိုင်တော့ဘူး။ အစာပြတ်လပ်နေပြီ။ ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲ။ လေကြောင်းကနေ ဗုံးကြဲနေလို့သာ ကြာနေတာ။ ရန်သူ အားအင်ချိနဲ့သွားရင် အေအေက ဝင်လုံးတာမျိုး အရင်ကတည်းကရှိ တယ်။ အခုလည်း အဲဒီနည်းအတိုင်းလုပ်နေပြီ”လို့ ပြောပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ နခခ-၅ နဲ့ အနီးနားကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကျေးရွာတွေထဲကို ဗုံးကျရောက်ကာ မီးလောင်မှုနဲ့ လူထိခိုက်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မောင်တော၊ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဆက်တိုက်ထိုးစစ်ဆင် ဖိအားပေးနေပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်