ဟားခါးမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သား လေးယောက် ဒဏ်ရာရ
ချင်းပြည်၊ ဟားခါးမြို့မှာ ယမန်နေ့ အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ Chinland Defense Force -Hakha တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးတစ်ယောက်အပါအဝင် အရပ်သား လေးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့အပြင်ရှိ Rual U သင်္ချိုင်းကုန်းအနီးမှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို CDF-Hakha က ယမန်နေ့ မနက်မှာ သွားရောက်ပစ်ခတ်ခဲ့လို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်ပစ်ခတ်မှု တစ်နာရီအကြာမှာ အထိနာများတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟားခါးမြို့ထဲကို ပြန်လည် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ရာသီဥတုမှောင်နေတာကြောင့် နှစ်ဖက်ထိခိုက်မှု အသေးစိတ်ကို မသိရှိသေးဘူးလို့ ဖြစ်စဉ်ကို သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထဲကို တပ်ဆုတ်ထွက်ပြေးခဲ့ပေမဲ့ နာရီဝက်ကြာမှာ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ CDF-Hakha ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“Rual U သင်္ချိုင်းကုန်းအနားက စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်သိမ်းပိုက်တာက ဟုတ်ပါတယ်။ ဒါပေမဲ့ မြို့ထဲကနေ ပြန်လည်ထိုးစစ်လာတဲ့အတွက် တိုက်ပွဲရှိနေသေးပါတယ်။ တိုက်ပွဲအခြေနေ အသေးစိတ်တော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဟားခါးအခြေစိုက် ရုန်းတောင်စခန်းကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
အဲဒီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လေးလုံးဟာ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ယောက်အပါဝင် လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့သစ်ရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒဏ်ရာရတာက လေးယောက်ပါ။ ဒါပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိဘူး။ အသက် ၇၆ နှစ်အရွယ်နဲ့ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးတစ်ဦးကတော့ ကျောနဲ့ လက်မောင်းမှာ ကျည်စ ထိမှန်တဲ့အတွက် သွေးထွက်လွန်ပြီး ဆေးရုံပို့ထားရတယ်” လို့ သူက ရှင်းပြပါတယ်။
လက်ရှိ ဟားခါးမြို့ စစ်ရေးအခြေနေဟာ မြို့အပြင်ဘက် အနီးဝန်းကျင် တဝိုက်မှာ ပစ်ခတ်မှုတွေရှိနေသေးပြီး မြို့သစ်ရပ်ကွက်ဘက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ကင်းလှည့် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဟားခါးမှာ စစ်ကောင်စီတပ် လက်နက်ကြီးကျည် ပစ်ခတ်လို့ ကျည်ထိမှန်တဲ့ နေအိမ်တွေကို တွေ့မြင်ရစဥ်