အညာဒေသမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မယ်လို့ BPLA အသိပေး

Author လဂွန်းအိမ်
Categories
Published on Oct 28, 2024

အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မှာ ဖြစ်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တာဝန်ခံ မောင်ဆောင်းခက အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေး ပြောကြားလာပါတယ်။

 

ဖော်ဆောင်မဲ့ စစ်ဆင်ရေးတွေအပေါ်လည်း  အညာလူထုအနေနဲ့ ကြိုဆိုမယ်ဆိုတာ ယုံကြည်မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။

 

“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီး တိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။

 

BPLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းများနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်ခဲ့ပြီးနောက် အခု အညာဒေသဘက်ကို ပြန်လည် ဦးတည် လာတာပါ။

 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA  ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မှာ စတင်တည်ထောင်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိရေး ဦးတည်ကာ စစ်ကောင်စီကို ခုခံတွန်းလှန်နေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Maung Saungkha Facebook

 

ပုံစာ – BPLA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။