၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ ခရေပင်လမ်းခွဲရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Oct 28, 2024

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲရှိ စစ်ကောင်စီတပ်လုံခြုံရေးဂိတ်ကို Dark Shadow UG အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ယမန်နေ့ ညဦးပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

 

ယမန်နေ့ အောက်တိုဘာ ၂၇ ရက်မှာကျရောက်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကောင်စီရဲ့ အမှတ်-၉၈၁ တပ်ကို ည ၇ နာရီခွဲခန့်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Dark Shadow UG အဖွဲ့က ပြောပါတယ်။

 

“တခြားလုံခြုံရေးအရရော၊ Information လိုက်နေတာရယ်ကြောင့် ထိခိုက်မှုအခြေအနေ မသိရှိရသေးပါဘူး။ ရဲဘော်တွေတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ Dark Shadow အဖွဲ့ တာဝန်ခံ ရဲဘော်အရိပ်(ခ)ပန်ဒါက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားတဲ့ အရပ်သားနဲ့ ရဲဘော်တွေအတွက် Dark Shadow အနေနဲ့ လက်တုံ့ပြန်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

 

အခုလို တိုက်ခိုက်မှုဟာ ရန်ကုန်မှာ ဧည့်စာရင်းအကြောင်းပြပြီး အရပ်သားတွေကို မတရားသဖြင့် ဖမ်းဆီးနေတဲ့အပြင် အရပ်သားပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့လည်း သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။

 

စစ်ကောင်စီရဲ့ နောက်ထပ်ပစ်မှတ်တွေကိုလည်း ထပ်မံတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့နေရာတွေနဲ့ ရဲ၊ ပြည်သူ့စစ်(ပျူစောထီး)၊ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနားကို မသွားကြဘဲ ဝေးဝေးကနေ ရှောင်ရှားသွားလာကြဖို့ Dark Shadow က သတိပေးထားပါတယ်။

 

 

ဓာတ်ပုံ – Dark Shadow

 

ပုံစာ – အမှတ် ၉၈၁ ဂိတ်ပေါက်ဝကို ပေါက်ကွဲမှုမဖြစ်ခင်တွေ့ရစဉ်