ဘိန်းမစိုက်ဖို့ တားမြစ်ပေမဲ့ မလိုက်နာလို့ တီးတိန်က ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဖျက်ဆီး

Author ဆလိုင်း
Categories
Published on Oct 25, 2024

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို နှစ်ရက်တွင်း ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း (PDF-Zoland) ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

 

ဘိန်းစိုက်ခင်းတောင်သူတွေကို အသိပေးထားပေမဲ့ လိုက်နာဆောင်ရွက်တာတွေ မရှိတဲ့အတွက် အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ဖျက်ဆီးခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။

 

ဘိန်းစိုက်တာဟာ မကောင်းတဲ့ စီးပွားရေးဖြစ်သလို လူငယ်ပညာတတ်တွေလည်း ပျက်စီးနိုင်တဲ့အတွက် PDF-Zoland နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ (ဇိုလဲန်း) တို့ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ PDF-Zoland တာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

ခေတ်ကာလ မကောင်းတဲ့ကြားမှာ ဘိန်းစိုက်တာဟာ ပြည်သူနဲ့ လူမျိုးတွေကို ပျက်စီးနိုင်သလို လူမျိုးပါ တုံးသွားနိုင်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် အချိန်မီ တားဆီးနိုင်ဖို့ အခုလို ဖျက်ဆီးလိုက်တာလို့လည်း သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် တီးတိန်မြို့နယ်မှာ ကျန်ရှိနေသေးတဲ့ ဘိန်းစိုက်ခင်းတွေကိုလည်း ဆက်လက်ဖျက်ဆီးသွားမယ်လို့ PDF-Zoland ဆီက သိရပါတယ်။

 

တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်တွေမှာရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသတွေမှာ ဘိန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလေ့ရှိကြပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အဲဒီမြို့နယ်တွေမှာ ဘိန်းစိုက်ပျိုး တောင်သူတွေ ပိုမိုတိုးလာပြီး စစ်ကောင်စီနဲ့ ဒေသတွင်း ချင်းတော်လှန်ရေး တပ်ဖွဲ့တွေကလည်း အရေးယူဆောင်ရွက်တာတွေ မရှိဘူးလို့ သိရပါတယ်။

 

ဘိန်းစိုက်ပျိုးတာနဲ့ ပတ်သက်လို့ PDF-Zoland က ပထမဆုံးအနေနဲ့ အရေးယူတာ ဖြစ်ပါတယ်။

 

“ဘိန်းက အရင် အစိုးရကတည်းက အစိုးရနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ စိုက်ပျိုးကြပါတယ်။ ဒီအာဏာသိမ်းနောက်ပိုင်းမှာ မြို့ရွာနဲ့နီးတဲ့နေရာမှာ ပေါ်ပေါ်ထင်ထင် စိုက်လာကြတယ်။ လုပ်သားတွေငှားရမ်းပြီး အများကြီး စိုက်ကြတယ်။ ဘယ်သူမှအရေးယူတာလည်း မရှိတော့ပိုဆိုးတာပေါ့”လို့ တီးတိန်မြို့နယ်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒေသတွင်း လူငယ်တွေဟာ ဘိန်းစိုက်တောင်သူတွေဆီမှာ တစ်နေ့လုပ်ခ ၁၀,၀၀၀ ကျပ်နဲ့ နေ့စားအလုပ်ဝင်လုပ်ကြတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ချင်းပြည်နယ်မှာ ဘိန်းစိမ်းတစ်ပိဿကို ကျပ်သိန်း ၈၀ ကနေ ကျပ်သိန်း ၁၀၀ ကြားရှိပြီး ယခုနှစ်မှာတော့ ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၁၅၀ ထိ ပေါက်စျေးရှိနိုင်တယ်လို့ ဘိန်းစိုက်တောင်သူတွေက ခန့်မှန်းကြပါတယ်။

 

ဓာတ်ပုံ- Zoland Voice Tv

ပုံစာ – တီးတိန်မြို့နယ်က ဘိန်းစိုက်ခင်းကို ဖျက်ဆီးနေတဲ့ PDF-Zoland နဲ့ PPF-Zoland ရဲဘော်တွေကို မြင်ရပုံ။