ဦးသန်းရွှေ သားမက် ဒေါက်တာ နေစိုးမောင် လူမှုကွန်ရက်မှာရေးသားတဲ့စာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရ ထောင်ဆယ်နှစ်လောက်ချခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲခံရမယ်လို့ဆို

Author လဂွန်းအိမ်
Categories
Published on Oct 25, 2024

အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက် ဒေါက်တာ နေစိုးမောင်ကို စစ်ကောင်စီက ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်အရေးယူခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

 

အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်ဆိုတဲ့ ဒေါက်တာ နေစိုးမောင်ကို စစ်ကောင်စီက တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင်ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုကာ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

 

ဒါပေမဲ့ ဘယ်လို ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုတယ်ဆိုတာမျိုး စစ်ကောင်စီ ပြန်ကြားရေးဘက်က တိတိပပမပြောထားပါဘူး။

 

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားသူတွေဖြစ်တဲ့ CRPH ၊ NUG နဲ့ လက်ဝေခံတွေဘက်က လူမှုကွန်ရက်ပေါ် လှုံ့ဆော်ရေးသားသူတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ-၁၂၄(က)နဲ့ ပုဒ်မ-၅၀၅(က)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နဲ့ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ ဆိုထားပါတယ်။

 

ဒေါက်တာ နေစိုးမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးမှာ ပြည်သူတွေကိုပျော်ရွှင်အောင်ထားနိုင်သလို မန္တလေးမြို့ကိုလည်း Smart City ဖြစ်စေဖို့ကြိုးစားခဲ့တာကို လေးစားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ပြုရေးသား ဂါရဝပြုရေးသားခဲ့တာပါ။

 

“ဆရာနေမကောင်းတဲ့ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာ၊ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့ အိပ်စက်အနားယူပါတော့ ဆရာ။ နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ်တရားမျှတပြီး လူကို လူလို ဆက်ဆံတဲ့ နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာ” လို့ ဒေါက်တာ နေစိုးမောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။

 

ဒေါက်တာ နေစိုးမောင်ကို ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်ကနေ အပြန် အောက်တိုဘာ ဒုတိယပတ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သေးပေမဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း အတည်မပြုနိုင်တဲ့ နောက်ဆက်တွဲသတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

 

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်၊ ဦးသန်းရွှေရဲ့ အချစ်ဆုံးမြေး နေရွှေသွေးအောင်ရဲ့ ဖခင် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဒေါက်တာ နေစိုးမောင်ဟာ စစ်တပ်ဆေးတက္ကသိုလ်ကထိကတာဝန် ထမ်းဆောင်ခဲ့ပါတယ်။

 

စစ်ကောင်စီဟာ ယမန်နှစ် အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ရဲထွဋ်လည်း စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားခဲ့လို့ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ)နဲ့ ထောင်(၁၀)နှစ် ချမှတ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Dr. Nay Soe Maung’s Facebook

 

ပုံစာ – မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်ပြုရေးသားထားတဲ့ စာနဲ့အတူ ဖော်ပြထားတဲ့ ဒေါက်တာနေစိုးမောင်ရဲ့ ဓာတ်ပုံတွေကို တွေ့ရစဉ်