ဖခင်နဲ့ အဒေါ်ရှေ့မှာ မိန်းကလေးကို ပစ်ခတ်လို့ ထောင်ဆယ်နှစ်ချခံရသူ တိုင်းပကဖအကျဥ်းထောင်မှာ ထိန်းသိမ်းထား

Author မင်းထက်
Categories
Published on Oct 25, 2024

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာက မိန်းကလေးတစ်ဦးကို ဖခင်နဲ့ အဒေါ်ရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ထောင်(၁၀)နှစ်ချခဲ့ရသူ PDF ရဲဘော်ကို တိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၂၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD)လက်အောက်ခံ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တပ်ရင်း( ၂)က ဒုတပ်ခွဲမှူး ကိုပြည့်ထွန်းနိုင်(ခ)လင်းစေဟာ အသက် ၂၃ နစ်အရွယ် မယုမွန်ထိုက်ကို သူမနေအိမ်မှာတင် ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

 

ဒီအမှုကို ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကိုးလလောက်အချိန်ယူစစ်ဆေးခဲ့ပြီး မယုမွန်ထိုက်ရဲ့ ဖခင်ကိုယ်တိုင်လည်း မျက်မြင်သက်သေ ထွက်ဆိုပေးခဲ့ရတယ်လို့ မိသားစု၀င်တွေဆီကနေ သိရပါတယ်။

 

သူ့ကိုပြန်မကြိုက်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်တွေက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် MoD က သူ့ကို ပြန်မချစ်လို့ ရည်ရွယ်ချက်ရှိရှိပစ်သတ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ကိုပြည့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ် ချမှတ်လိုက်တယ်လို့ NUG/MoD က သတင်းထုတ်ပြန်ထားပါတယ်။

 

“ဒီအမှုအတွက် ပြစ်မှုကျူးလွန်သူ ရဲဘော်ကို တိုင်းပကဖရဲ့အကျဥ်းထောင်မှာ ထိန်းသိမ်းထားတယ်” လို့ ဒီအကြောင်းသိထားတဲ့ အမည်မဖော်လိုသူ CJ Platform ရဲ့ သတင်းအရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။

 

ကိုပြည့်ဟာ ကျည်အပြည့်ပါဝင်တဲ့ သေနတ်ကို ကိုယ်ဆောင်ပြီး အသင့်အနေအထားနဲ့ လာရောက်ခဲ့တာဖြစ်တယ်လို့ မယုမွန်ထိုက် မိခင်ဖြစ်သူက ပြောပါတယ်။

 

“အိမ်သားကလည်း အတာကို၊ ကိုယ့်သားသမီးကို ဒီလိုလုပ်လိမ့်မယ်ကိုမထင်ဘူး။ သူက ယုမွန်ထိုက် လာ, ရှင်းမယ်ဆိုပြီးပြောတော့ ကျွန်မသမီးကလည်း သိတဲ့အတိုင်း ပြောပေါက်ကမတတ်ဘူး။ သူ့ကို ကြိုက်မှမကြိုက်တာ။ မကြိုက်တဲ့အခါကျ ပြောလိုက်တာပေါ့လေ။ ခင်ဗျားက ဘာတုန်း၊ ကျုပ်အချစ်ကို လက်နက်နဲ့ ခြိမ်းခြောက်ယူလို့ရမယ်ထင်လို့လားပြောတဲ့အခါကျ ပြောပြောဆိုဆို ပစ်သွားတာ” လို့ သူမက ပြောပါတယ်။

 

ဝက်လက်မြို့နယ် တပ်ရင်း(၂)က တပ်စိတ်မှူး ကိုပြည့်က သူ့ကို ပြန်မကြိုက်တာကြောင့် သတ်လိုက်တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ မယုမွန်ထိုက်နဲ့ အမှန်တကယ်ချစ်ကြိုက်နေသူဟာ LGBTQ တစ်ဦးဖြစ်ပါတယ်။

 

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး NUG က သမီးရည်းစားချင်း စကားများကြရာကနေ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်နဲ့တစ်ချက်တည်း ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုထားပါတယ်။

 

အဲဒီအမှုအတွက် စစ်ဆေးကြားနာဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနှစ် ၂၀၂၄ ၊ ဧပြီ ၁၉ ရက် အကျဉ်းစစ်တရားရုံးချုပ်ကို ဖွဲ့စည်းတာဝန်ပေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး အောက်တိုဘာ ၁၁ ရက်မှာ တရားခံ ရဲဘော်ပြည့်ထွန်းနိုင်(ခ)လင်းစေမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ (က)/ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)အရ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့ပါတယ်။

 

NUG အနေနဲ့ PDF တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေကို မျှတတဲ့တရားစီရင်မှုတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – မယုမွန်ထိုက်ရဲ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့စဉ်