AA ထိုးစစ်ကြောင့် ဂွ၊ ကြွေချိုင်ရွာက စစ်ကောင်စီတပ် ထွက်ပြေး

Author သုတ
Categories
Published on Oct 23, 2024

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ဂွမြို့နယ်က ကြွေချိုင်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် တပ်ဆုတ်ထွက်ပြေးသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

 

ကြွေချိုင်ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆုတ်ခွာသွားကြပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“သူတို့တိုက်ပွဲမှာ အကျအဆုံးများလို့ စစ်ကားတွေနဲ့ ထွက်ပြေးသွားကြတာ။ ဂွမြို့ဘက်ကို ဆုတ်တယ်လို့တော့ ထင်ရတယ်။ သူတို့တပ်ဆုတ်ပြီးတော့ လေယာဉ်တွေနဲ့လည်း ကြွေချိုင်ဘက်ကို ဗုံးလာကြဲသေးတယ်” လို့ သူက ပြောပါတယ်။

 

အဲဒီမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများခဲ့သလို ဒဏ်ရာရသူတွေကိုလည်း ကားတွေနဲ့တင်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေ ရွာကတပ်ဆုတ်ခွာသွားပြီးနောက် ကြွေချိုင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့ ကျည်စထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

ကြွေချိုင်ရွာကို AA သိမ်းပိုက်ပြီးနောက် ရွာထဲမှာ ပိတ်မိနေသူတွေကို AA က ကယ်ထုတ်သွားတယ်လို့ ကြားသိရပေမဲ့ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်မှုတွေရှိနေကြတယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က ပြောပါတယ်။

 

“အိမ်စောင့်ကျန်ခဲ့တဲ့လူတွေရှိခဲ့တယ်လေ။ သူတို့ တိုက်ပွဲအတွင်း လေကြောင်းအကြဲခံရတာလည်းရှိတော့ စိတ်ပူမိတယ်။ AA က ကယ်ထုတ်သွားပြီပြောပေမဲ့လို့ အဆက်အသွယ်လည်းမရတော့လေ။ စိုးရိမ်တယ်။ ကျန်းကျန်းမာမာရော ရှိကြလားဆိုတာမျိုး” လို့ သူက ပြောပါတယ်။

 

ကြွေချိုင်ရွာမှာ ဇူလိုင်လကတည်းက စစ်ကောင်စီတပ်သားတွေ စခန်းချနေခဲ့ကြတာလို့ သိရပါတယ်။

 

ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့ကို ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်နေ့မှာ AA က သိမ်းပိုက်ရရှိခဲ့သလို အောက်တိုဘာလ ၆ ရက်နေ့မှာလည်း ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုံနဲ့ ကံဂေါ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို AA က သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

လက်ရှိ မောင်တော၊ အမ်းနဲ့ ဂွမြို့အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး တောင်ကုတ်မြို့နားမှာလည်း တိုက်ပွဲတွေ ရံဖန်ရံခါဖြစ်ပွားနေတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news