တမူးမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းလူစုဆောင်းမှုတွေကြောင့် အမျိုးသားတွေ ရှောင်တိမ်းနေရ ၊ နှစ်ရက်အတွင်း အမျိုးသား ၃၀ လောက် ဖမ်းခံထားရလို့ဆို

Author ဆလိုင်း
Categories
Published on Oct 23, 2024

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုတွေကြောင့် အမျိုးသားတွေ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီလက်အောက်ခံတွေဟာ အခုရက်ပိုင်းအတွင်း ညဘက်တွေမှာ လူငယ်လူရွယ်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတာကြောင့် သူတို့နဲ့ ဝေးတဲ့နေရာတွေကို တမူးဒေသခံအမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

“အခုဖမ်းဆီးနေတာက မြို့ထဲမှာဖြစ်ပါတယ်။ အဲဒီအတွက် မြို့ထဲက အမျိုးသားတွေဟာ စစ်သားနဲ့ ပျူတွေ မရောက်နိုင်တဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတာဖြစ်တယ်။ နယ်တွေဘက်မှာ စစ်သားနဲ့ ပျူတွေ မရောက်နိုင်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တမူးမြို့မှာ အောက်တိုဘာလ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ နှစ်ရက်အတွင်း အမျိုးသား ၃၀ နီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

“စစ်သားနဲ့ ပျူတွေက ညဘက် မြို့တွင်းကင်းလှည့်လည်ပြီး လူငယ်တွေ၊ အိမ်ထောင်သည် အမျိုးသားတွေကို ဖမ်းဆီးတာဖြစ်ပါတယ်။ တချို့ဆို အိမ်ထဲဝင်ရောက်ပြီး ဖမ်းဆီးတာဖြစ်တယ်။ အခုဖမ်းဆီးတဲ့သူတွေကို စစ်မှုထမ်းခိုင်းဖို့ သိရတယ်” လို့ တမူးဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အရင်က တမူးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ လူငယ်တွေကို စာရင်းကောက်ယူထားပေမဲ့ အိမ်ထောင်သည်အမျိုးသားတွေကို စာရင်းကောက်ယူတာမရှိဘူးလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း တမူးမြို့မှာ အမျိုးသမီးအပါဝင် အရပ်သား သုံးဦးကို စစ်ကောင်စီနဲ့ ပျူအဖွဲ့တွေက သတ်ဖြတ်ပြီး အလောင်းကိုစွန့်ပစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

တမူးမြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့ဖြစ်ပြီး မြို့တွင်း အဆောက်အဦးအပါဝင် နေရာဆယ်ခုမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက တပ်စွဲနေရာယူထားတယ်လို့ သိရပါတယ်။

 

တမူးမြို့နယ်ထဲက ခမ်းပတ်၊ မြို့သစ် စတဲ့မြို့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်