သတင်းပို့ပေးမှုမရှိတဲ့ NGO/INGO တွေကို သွားလာခွင့် ပြုမှာမဟုတ်လို့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ အသိပေး

Author ဆလိုင်း
Categories
Published on Oct 22, 2024

ချင်းပြည်၊ မတူပီ၊ ထန်တလန်၊ ပလက်ဝ စတဲ့ လေးမြို့နယ်က မရာနယ်မြေမှာ သတင်းပို့ပေးမှုမရှိတဲ့ ပြည်တွင်းပြင်ပအဖွဲ့စည်း (NGO/INGO) တွေကို လှုပ်ရှားသွားလာခွင့်ပြုမှာ မဟုတ်ဘူးလို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) က ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

 

မရာနယ်မြေအတွင်း NGO/INGO တွေအနေနဲ့ လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေဖို့အတွက် လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ပေးစေဖို့ အသိပေးထားပါတယ်။

 

အဲဒီလို သတင်းပေးပို့ရာမှာ စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မဲ့ စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးဆွဲမဲ့ ရန်ပုံငွေ၊ ပံ့ပိုးမဲ့ အဖွဲ့အစည်းတွေကို သတင်း ပေးပို့ရမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“NGO/INGO တွေအနေနဲ့ မရာနယ်မြေမှာ လှုပ်ရှားတဲ့အခါ သူတို့လုံခြုံရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ တစ်ဖက်မှာလည်း သူတို့အတွက် ကူညီပေးနိုင်တဲ့အရာမျိုးဆို ကူညီပေးနိုင်အောင်ပါ။ တခြားဘာကိစ္စကြောင်း မဟုတ်ပါဘူး”လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိကာလဟာ မလိုလားအပ်တဲ့ တရားမဝင်အဖွဲ့အစည်းတွေနဲ့ တရားမဝင် ဆေးဝါးသယ်ဆောင်မှုတွေရှိနေတဲ့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့နဲ့  သတင်းပေးပို့မှုမရှိတဲ့ အဖွဲ့အစည်းတွေကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့် ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် မရာနယ်မြေအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဘာသာရေး၊ လူမှုရေးနဲ့ ကျောင်းပညာရေးဆိုင်ရာ ပွဲတော်တွေကို လူစုလူဝေးနဲ့ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာတိုက်နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် ခွင့်ပြုချက်တောင်းခံဖို့ လိုသလို ခွင့်ပြုချက်ရမှသာ ပွဲကျင်းပွင့်ရမယ်လို့ သိရပါတယ်။

 

“အဲဒါက မရာပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ အသိပေး ထုတ်ပြန်တာဖြစ်ပါတယ်။ မရာနယ်မြေဟာ စစ်ကောင်စီကင်းစင်သွားပေမဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ တခြားဒေသတွေမှာ ကြည့်မယ်ဆိုရင် စစ်ကောင်စီက အရပ်သားတွေပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေလုပ်တယ်။ အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်။ အဲဒီအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ”လို့ MTC တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

မရာနယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ ပွဲလမ်းသဘင်၊ ပွဲတော်တွေ ကျင်းပပြုလုပ်ပါက အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း မရာနယ်မြေအုပ် ချုပ်ရေးကောင်စီက ဆိုပါတယ်။

 

မရာနယ်မြေတွေဖြစ်တဲ့ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အပါဝင် အဲဒီမြို့တွေနဲ့ နယ်မြေချင်း ဆက်စပ်တဲ့ ပလက်ဝ၊ ထန်တလန် နယ်စပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို အခုအစောပိုင်းက သိမ်းပိုက်ရရှိထားပါတယ်။

လက်ရှိ မရာနယ်မြေမှာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ MDF/ MTC က ဦးဆောင်ပြီး ဒေသတွင်း အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်ကာ ဒေသအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – လိုင်လင်းပီမြို့ကို တွေ့မြင်ရစဥ်။