စစ်ကိုင်းမှာ လူငယ်တချို့ကို စစ်ကောင်စီဖမ်းဆီး

Author မင်းထက်
Categories
Published on Oct 15, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ထဲမှာ စစ်ကောင်စီက လူငယ်တချို့ကို ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က လူငယ်ခြောက်ဦးခန့်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

စစ်ကိုင်းမြို့ နီလာဦး ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်ခြောက်ဦးခန့်ကို အောက်တိုဘာ ၁၄ ရက်၊ မနက် ၁၁ နာရီ ၀န်းကျင်မှာ စစ်ကောင်စီ တပ်သားတွေက ၀င်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဆောက်လုပ်ရေးလုပ်ငန်းခွင်က ၀န်ထမ်းတွေပါ။ သုံးယောက်တော့ လွတ်လာတယ်။ ကျန် သုံးယောက်တော့ ဆက်လိုက်နေရတယ်။ ဘာမှတော့ မသိရသေးဘူး”လို့ ဖမ်းဆီးခံရသူ တစ်ဦးနဲ့ နီးစပ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

လွတ်မြောက်လာသူတွေဟာ အသက် ၃၀ ၀န်းကျင် အရွယ်နှစ်ဦးနဲ့ ၁၅ နှစ်အရွယ် ကလေးတစ်ဦး ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

မလွတ်မြောက်သေးတဲ့ သူတွေကတော့ အသက် ၂၀ ၀န်းကျင်နဲ့ ၃၀ ၀န်းကျင် အမျိုးသားတွေဖြစ်ပြီး သူတို့ရဲ့ အခြေအနေကိုတော့ CJ Platform အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

စစ်ကိုင်းမြို့မှာ အလားတူပုံစံမျိုးနဲ့ ဖမ်းဆီးခံရတဲ့လူငယ်တွေရှိနေပြီး ငွေကြေးအမြောက်အမြား တောင်းခံမှုတွေလည်းရှိနေတယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ဒီလအစပိုင်းလောက်ကလည်း မြို့ထဲရုပ်ရှင်ရုံထောင့်နား ဖမ်းခံရတာဆို နှစ်ရာကျော်တောင်းတယ်။ ပြီးတော့ သတိထားစရာဆို စစ်ကိုင်းတောင်ပေါ် တက်တဲ့နေရာ CCTVတွေ ချိတ်ထားသလို လာတဲ့လူငယ်အချို့ကိုလည်း အရမ်းမဲ့ဖမ်းတယ်။ ဆယ်ချီတောင်းရုံမကဘူး၊ ရာဂဏန်းအထိတောင်းပြီး ရွေးခိုင်းတာတွေရှိတယ်”လို့ သူက ရှင်းပြပါတယ်။

 

စစ်ကောင်စီဟာ အခုလို လူငယ်တွေကို ငွေကြေးတောင်းရမ်းလိုတဲ့ ပုံစံနဲ့ ဖမ်းဆီးမှုတွေလုပ်သလို PDF ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့လာတဲ့ အရပ်သားနှစ်ဦးနဲ့ စစ်ကိုင်းမြို့မဈေးနဲ့ တောင်ကြားရွာကို ယာဉ်မောင်းပို့တဲ့ အသက် ၄၀ အရွယ် ဦးအောင်ကိုမြင့် ဆိုသူတို့လည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။

 

၎င်းတို့သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဝင်တွေလို့ စွပ်စွဲပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်လိုက်တယ်လို့ တောင်ကြားရွာဒေသခံနဲ့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်