စစ်ခေါင်းဆောင် NCA ၉ နှစ်ပြည့်မိန့်ခွန်း ကောက်နုတ်ချက်များ

Author ကိုထားဝယ်
Categories
Published on Oct 15, 2024

NCA မူကြမ်းဟာ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ဖိတ်ကြားခံ ပါတီအများစုက သဘောတူခဲ့ကြပါတယ်။ အဲဒီနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာပဲ ဦးသိန်းစိန်က လက်မှတ်ရေးထိုးခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် လက်နက်ကိုင် ဆယ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ လားဟူဒီမိုကရက်တစ်ပြည်ထောင်စုနဲ့ မွန်ပြည်သစ်ပါတီတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် KNU ၊ ချင်းအမျိုးသားတပ်ဦး(CNA/CNF)တို့ နုတ်ထွက်သွားသလို မွန်ပြည်သစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၊ ABSDF တို့ကတော့ ဟိုဘက်၊ ဒီဘက်ဆိုပြီး နှစ်ဖွဲ့စီ ကွဲသွားကြပါတယ်။ ဒီလို စစ်တပ်က လုပ်ခဲ့တဲ့ NCA မှာတင် အကွဲကွဲအပြဲပြဲဖြစ်နေပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ NCA လမ်းကြောင်းအတိုင်းဆက်သွားမယ်လို့ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်တဲ့ ကိုးနှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ သူ့မိန့်ခွန်း ဘာထူးလဲ။ ဘာတွေပြောခဲ့သလဲ။ အထူးခြားဆုံးတွေကို CJ Platform က ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO တွေကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင်ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိပါတယ်။

 

အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံ ဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြားလိုပါတယ်။

 

ပြီးခဲ့တဲ့ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ကာလတွေမှာ ပြည်သူလူထုအများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ အလှမ်းဝေးနေဆဲဖြစ်ခဲ့တာ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ပါတယ်။

 

နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်။

 

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း အဲဒီအချိန်က အစိုးရရဲ့ မဲမသမာမှုလုပ်ရပ်တွေဟာ အလွန်အကျည်းတန်စွာ မြန်မာ့သမိုင်းစဉ်မှာ အမည်းစက်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။

 

တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး နိုင်ငံတော်အပေါ် ကျရောက်လာတဲ့ ဘေးအန္တရာယ်အရပ်ရပ်ကိုကာကွယ်ဖို့ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူကြောင်း အလေးအနက်ပြောကြားလိုပါတယ်။

 

၂၀၂၁ ခုနှစ်မှာ မမျှော်လင့်ဘဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ NCA ထိုးထားတဲ့ EAO တချို့က ကတိကဝတ်တွေ ဖောက်ဖျက်ပြီး NUG ၊ CRPH အမည်ခံ (အကြမ်းဖက်လို့သုံးထား)အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းနဲ့ ထောက်ပံ့မှုမျိုးစုံပေးခဲ့တယ်။

ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုဟာလည်း အကြောက်တရားများနဲ့ ကျီးလန့်စာစားတဲ့ ဘဝကိုရောက်ရှိခဲ့ကြရပါတယ်။

တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ပြည်ပရန်ကာကွယ်ရေး အတွက်သာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးအတွက်မဟုတ်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ ပြည်တွင်းလုံခြုံရေးအခြေအနေအရ အစိုးရက တာဝန်ပေးအပ်မှသာ ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အစိုးရလို့သုံးနှုန်းထားတာတွေ့ရပါတယ်။

 

ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူသားအရင်းအမြစ်တွေ ပိုင်ဆိုင်လာအောင် ကြိုးစားနိုင်မှသာ ကိုယ့်နိုင်ငံကိုယ့်သယံဇာတတွေနဲ့ ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

 

အနာဂတ်နိုင်ငံတော်ကြီး ပေါ်ပေါက်စေဖို့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေမှာ စုပေါင်း အဖြေရှာမယ်၊ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုပြီး NCA စာချုပ်ကြီး ဖြစ်မြောက်ပေါ်ပေါက်လာအောင် ကြိုးစားခဲ့ကြလို့ အခုလိုငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ရခြင်းဖြစ်ပါတယ်။

 

စစ်ကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခိုက်အဖျက်အမှောင့်တွေ ကြားကပဲ နိမ့်ကျနေတဲ့ စီးပွားရေးကို ပြန်လည်မြင့်တက်လာအောင်နဲ့ တခြား ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းတွေကို ကဏ္ဍအသီးသီးတိုးတက်မှုရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 

သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီမံဆောင်ရွက်နေတယ်။

 

ရွေးကောက်ပွဲမှာ ပါတီစုံ ပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်နေပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

 

ရွေးကောက်ပွဲလုံခြုံရေးအတွက် EAO တွေ ပူးပေါင်းပါဝင်ပေးကြပါ။

 

ပြည်တွင်းတည်ငြိမ် အေးချမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တပ်မတော်တစ်ဖက်တည်းကနေပဲ လုံ့လစိုက်နေလို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ NCA ရဲ့ အနှစ်သာရတွေကို သိရှိနားလည်ပြီး နိုင်ငံတော်အတွက်ဆိုတဲ့ အသိတရားနဲ့ ထားရှိပြီးသား ကတိကဝတ်တွေကို အလေးထားလိုက်နာပူးပေါင်းဆောင်ရွက်ကြမှသာ ကျွန်တော်တို့ အားလုံးသွားချင်တဲ့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိမှာဖြစ်ပါတယ်။

 

ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင် လိုတဲ့အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းသာ ဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ ဒီနေ့အချိန်အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များမှာ ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး မိမိတို့ရဲ့လိုလားချက်များကို တွေ့ဆုံဆွေးနွေးမှုများကနေ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။

 

ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အားလုံး “မြန်မာ”ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကိုချီတက်ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC