သီပေါမြို့ကို TNLA အလုံးစုံထိန်းချုပ်လိုက်အပြီး တပ်မိသားစုဝင် ၁၉၀ ကျော်ကို ပြန်လွှတ်ပေး

Author အကြင်နာ
Categories
Published on Oct 15, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်အပြီး စစ်ကောင်စီတပ်မိသားစုဝင် ၁၉၁ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ PSLF/TNLA က ယမန်နေ့ အောက်တိုဘာ ၁၄ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

၎င်းတို့ဟာ စက်တင်ဘာ နှောင်းပိုင်းတုန်းက တအာင်းတပ် TNLA နဲ့ မဟာမိတ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ သီပေါအခြေစိုက်တပ်တွေဖြစ်တဲ့ ခမရ ၅၀၃ နဲ့ ၅၀၄ တပ်စခန်းတွေကဖြစ်တယ်လို့ PSLF/TNLA က ပြောပါတယ်။

 

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့တုန်းက ခမရ-၅၀၃ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ချိန် အဲဒီတပ်ထဲက အိမ်ထောင်စု ၃၈ စုရှိ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄၈ ဦး၊ ကလေး ၄၃ ဦး စုစုပေါင်း တပ်မိသားစုဝင် ၁၀၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ခမရ-၅၀၄ တပ်စခန်းကို ထပ်သိမ်းနိုင်ခဲ့ချိန် အဲဒီတပ်ထဲက အိမ်ထောင်စု ၃၄ စုရှိ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃၉ ဦး၊ ကလေး ၃၄ ဦး စုစုပေါင်း တပ်မိသားစုဝင် ၈၉ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

PSLF/TNLA အနေနဲ့ ခမရ-၅၀၃ နဲ့ ၅၀၄ တို့က ဖမ်းမိတပ်မိသားစုဝင်စာရင်းတွေကို ပြောလာပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစာရင်းကိုတော့ ထုတ်ပြန်ချက်ထဲ မတွေ့ရပါဘူး။

 

အဲဒီနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ၎င်းတို့ကို ကားလေးစီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

 

အဲဒီတပ်မိသားစုဝင်တွေပြန်လွှတ်ပေးလိုက်တဲ့ အောက်တိုဘာလ ၁၂ ရက် နေ့လယ်ပိုင်းမှာပဲ သီပေါမြို့မှာ နောက်ဆုံးကျန်တဲ့ ခြေလျင်တပ်ရင်း(ခလရ)-၂၃ တပ်စခန်းကို တအာင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တစ်မြို့လုံးကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

အဲဒီ ခလရ-၂၃ တပ်စခန်းသိမ်းတိုက်ပွဲအတွင်းကနေလည်း စစ်သုံ့ပန်းအယောက် ၁၀၀ ဖမ်းမိတဲ့အထဲ တစ်ဝက်ခန့်က တပ်မိသားစုဝင်တွေဖြစ်တာကြောင့် ပြန်လွှတ်ပေးမယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

သီပေါမြို့ကို ဩဂုတ်လ ၁၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၂ ရက်နေ့မှာပဲ မြို့ပေါ်က စစ်ကောင်စီတပ်စွဲနေရာတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA