ဂွမှာ AA ထိုးစစ်မြှင့်လို့ တိုက်ပွဲပိုမိုပြင်းထန်လာ၊ ဒေသခံရာနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရ

Author သုတ
Categories
Published on Oct 14, 2024

ရခိုင်ပြည်၊ ဂွမြို့နယ်မှာ အောက်တိုဘာလအတွင်း အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်အရှိန်မြှင့်တင်လာတာကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

AA ရဲ့ ထိုးစစ်ဟာ ဂွမြို့အနီး ရောက်ရှိလာတာဖြစ်လို့ စစ်ကောင်စီဘက်ကလည်း မြို့ လက်မလွှတ်ရရေး စစ်အင်အားအလုံးအရင်း ဖြည့်တင်းပြီး ခုခံကာကွယ်နေတယ်လို့ ၎င်းတို့က ပြောပါတယ်။

 

“ဂွကို အင်အားဖြည့်ထားတာတွေက ဧရာဝတီတိုင်းဘက်က စစ်သားတွေပဲ။ စစ်မှုထမ်းတွေလည်း ပါတယ်။ တပ်ရင်းနဲ့ ချီပြီး ဒီဘက်ကို ဖြည့်ထားတာ။ အင်အားကတော့ တော်တော်များတယ်။ အရင်မြို့တွေလိုပဲ သူတို့ ရနိုင်သလောက် ခုခံမယ့် သဘောမှာရှိတယ်” လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့ကို ဩဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလ ၆ ရက်နေ့မှာလည်း ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုံနဲ့ ကံဂေါ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

 

ကျိန္တလီမြို့ကို သိမ်းပိုက်ပြီးနောက်  AA ရဲ့ ထိုးစစ် ဂွမြို့နားအထိ ချဉ်းကပ်လာနေသလို ကူးတို့လေးရွာအနီးက တောင်တန်းတွေမှာလည်း အပြင်းအထန် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တိုက်ပွဲပြင်းထန်နေတဲ့ တောင်တန်းတွေ အနီးအနားက ကူးတို့လေးရွာကို အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

သေဆုံးသူတွေကတော့ ဦးဝင်းဗိုလ် (၄၅)နှစ်၊ဦးပေါက်စီ (၃၃) နှစ်နဲ့ ဒေါ်ခင်မာကြည် (၆၂) နှစ်တို့ ဖြစ်ပါတယ်။

 

အဲဒီမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် တိုက်ပွဲဖြစ်ရာနေရာတွေနဲ့ အနီးကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံ ရာနဲ့ချီဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“တိုက်ပွဲကလည်း ပြင်းထန်နေပြီ။ စစ်တပ်ကလည်း လေကြောင်းကနေ ဗုံးတွေကြဲနေတော့ မနေရဲကြတော့ဘူး။ လောလောဆယ် ဘေးလွတ်ရာကို ရှောင်နေကြတယ်လို့ သူက တိုက်ပွဲအခြေအနေကို ပြောပြပါတယ်။

 

ဂွမြို့မှာ အနောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လက်အောက်ခံ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ-၅၆၂ နဲ့ ခမရ-၅၆၃ တပ်စခန်းတို့ တည်ရှိပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ- အောက်တိုဘာလ ၇ ရက်နေ့က အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာကို AA က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်