ကန့်ဘလူမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ တစ်လအတွင်း ကလေးသုံးဦးအပါအဝင် ဒေသခံ ၁၀ ဦးနီးပါး သေဆုံး

Author မင်းထက်
Categories
Published on Oct 12, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုတွေပြုလုပ်နေလို့ တစ်လအတွင်း  ကလေးသုံးဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးနီးပါး သေဆုံးခဲ့​တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဒီတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခု အောက်တိုဘာလအတွင်းမှာ ပြလုပ်ခဲ့တာဖြစ်ပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နံနက် ၁ နာရီခွဲခန့်က အင်းလယ်ကြီးကျေးရွာကို ငါတို့ရွာပျူစောထီးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

“ထိခိုက်ဒဏ်ရာရသူတွေက အသက်အန္တရာယ်မရှိဘူးလို့တော့ သိထားတယ်ဗျ၊ သေဆုံးတဲ့သူတွေဟာ တစ်မိသားစုတည်းပါ”လို့ သူက CJ Platform ကို ဆက်ပြောပါတယ်။

 

သေဆုံးသူတွေဟာ လေးနှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ အသက် ၁၀ နှစ်အရွယ် မငြိမ်းအိစံနဲ့ အသက် ၃၀ နှစ်အရွယ် မဖြူဝင်းတို့ဖြစ်ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒရုန်းချ တိုက်ခိုက်တဲ့ စစ်ကောင်စီ တပ်ဖွဲ့၊ ကန့်ဘလူမြို့ရှိ အမှတ် (၆၀၀၆) တင့်ကားတပ်က လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူ စုပေါင်းအင်အား ၇၀ ခန့်ဟာ  အောက်တိုဘာလ ၁၁ ရက်နေ့  ည ၉ နာရီ ၃၀ ခန့်ကတည်းက ငါတို့ရွာပျူအထိုင်သို့‌ ရောက်ရှိခဲ့‌ကြပြီး ဒီကနေ့အထိ အဲဒီရွာမှာပဲ ဆက်လက်ရှိနေသေးတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်း စစ်ကြောင်းထိုးတာတွေမလုပ်ဘဲ ကျေးရွာတွေကို ဒရုန်းအသုံးပြု ဗုံးသီးနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း  စံပယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းက  ၄ မိုင်ခန့်သာ ဝေးတဲ့ မှန်နီပင်ရွာကို ဗုံးသီးနှစ်လုံးချခဲ့တာကြောင့်  ညီအစ်မတော်စပ်သူ အမျိုးသမီးနှစ်ဦးနဲ့  ငါးနှစ်အရွယ်ကလေးတစ်ဦး အပါအဝင် စုစုပေါင်း လေးဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ကန့်ဘလူမြို့နယ် အတွင်း အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို စက်တင်ဘာ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ် လေးလုံး ပျက်စီးခဲ့ပါသေးတယ်။

 

လက်ရှိမှာ စစ်ကောင်းစီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဒေသခံတွေ ရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ခြောက်ဦးသေဆုံးမှုနဲ့ အခုအောက်တိုဘာလအတွင်း  သုံး ဦးသေဆုံးမှုဟာ စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

 

ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

 

ပုံစာ – စက်တင်ဘာလ ၂၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပင်းတည်းရွာလေကြောင်းပစ်ခတ်ခံရပြီး ပျက်စီးသွားတဲ့ ပြည်သူပိုင်နေအိမ်ကို တွေ့ရစဥ်