စစ်တွေက ပြောင်းလာတဲ့ အကျဉ်းသူ/သား ၃၅၀ ကျော် ပုသိမ်ထောင်ကို ရောက်

Author လဂွန်းအိမ်
Categories
Published on Oct 12, 2024

AA သိမ်းခံရမယ့်အန္တရာယ်ရှိနေလို့ ရခိုင်ပြည်၊ မြို့တော်စစ်တွေက တိတ်တဆိတ်ပြောင်းရွှေ့လိုက်တဲ့ အကျဉ်းသူ/သားတွေကို အများစု ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဆီကနေ သိရပါတယ်။

 

အောက်တိုဘာ ၆ ရက်နဲ့ ၈ ရက်နေ့တို့မှာ စစ်တွေထောင်ကနေ အကျဉ်းသား ၅၀၀ ကျော်ကို စစ်ကောင်စီဘက်က တိတ်တဆိတ် နှစ်ကြိမ်ခွဲပြီး ပြောင်းရွှေ့ခဲ့တယ်လို့ CJ Platform ရဲ့ မျက်မြင်သတင်းရင်းမြစ်တွေဆီကနေ သိခဲ့ရပါတယ်။

 

အခုပုသိမ်ထောင်ကို အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းမှာ ရောက်လာတဲ့ အကျဉ်းသူ/သား ၃၅၁ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားအများအပြားပါဝင်တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောပါတယ်။

 

“ဘယ်သူတွေပါဝင်တယ်ဆိုတာ အသေးစိတ်တော့ မရသေးပါဘူး။ ဧရာဝတီက ထောင်တွေမှာတော့ သတ်မှတ်လူဦးရေထက် ပိုဖမ်းထားတော့ ပိုပြီးမှတော့ လူတွေကြပ်သွားနိုင်တယ်ခင်ဗျ” လို့ ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ သတ်မှတ်လူဦးရေရဲ့ နှစ်ဆနီးပါး ပိုများနေပြီး ဒီအကျဉ်းသားတွေကို ပုသိမ်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ ထောင်တွေကနေ တခြားထောင်တွေကို ပြောင်းရွှေ့တာတွေလည်းဖြစ်လာနိုင်တယ်လို့ ၎င်းက သုံးသပ်ပြောကြားပါတယ်။

စစ်ကောင်စီက စစ်တွေအကျဉ်းထောင်ကနေ အကျဉ်းသား ၅၀၀ ကျော်ကို အောက်တိုဘာ ၆ ရက်နဲ့ ၈ ရက်နေ့တွေမှာ ခေါ်ထုတ်ပြီး စစ်တွေမြို့ရဲ့ အာဏာပိုင်ဆိပ်ကမ်းက ဂိုထောင်ထဲမှာထိန်းသိမ်းခဲ့ပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ မြို့နယ်တွေက ထောင်တွေဆီ စတင်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီအထဲ DMG သတင်းဌာနရဲ့ သတင်းထောက်၊ နိုင်ငံရေးအကျဉ်းသားတွေအပြင် မတရားဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာသားတွေပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

လက်ရှိမှာတော့ စစ်တွေထောင်ကပြောင်းရွှေ့လာပြီး ပုသိမ်ထောင်ရောက်နေကြတဲ့ အကျဉ်းသား ၃၀၀ ကျော်ဟာ စားသောက်နေထိုင်ရေးခက်ခဲနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်