ရွှေဘိုမှာ စစ်ရှောင်တွေအတွက် ရိက္ခာတွေလို

Author မင်းထက်
Categories
Published on Oct 11, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာ နေရပ်စွန့်ခွာပြီး စစ်ရှောင်တိမ်းရှောင်နေရတဲ့ ပြည်သူသောင်းနဲ့ချီအတွက် စားနပ်ရိက္ခာ အခက်ခဲတွေ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

 

အဲဒီက ဒေသခံပြည်သူ တစ်သောင်းခန့်ဟာ စစ်ကောင်စီနဲ့ ပျူစောထီးတွေကြောင့်  နေရပ်စွန့်တိမ်းရှောင်နေကြရတာ သုံးနှစ်ခန့် ရှိပြီဖြစ်တာကြောင့် စားနပ်ရိက္ခာအပြင် အလုပ်အကိုင် အခက်အခဲတွေလည်း ရှိနေပါတယ်။

 

“ကျွန်တော်တို့က နေထိုင်စရာတွေ စီစဥ်ပေးထားတယ်။ အဓိက သူတို့က အ၀တ်အစား၊ စောင်နဲ့ ခြင်ထောင်က ပြည့်စုံတယ်ဗျာ။  ဆေး၀ါးဆိုင်ရာကတော့ ပြည့်စုံမှုရှိတယ်။ ရေရှည်ဆိုတော့ ဆန်၊ ဆီ၊ ဆား ရိက္ခာပိုင်း အခက်ခဲ ရှိနေတာပါ” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

 

ရွှေဘိုမြို့နယ် အနောက်ပိုင်းက စစ်ရှောင်အများစုဟာ ပျူစောထီးကြီးစိုးရာ ဒေသတွေဖြစ်တဲ့ ညောင်ကိုင်း၊ ကူးတို့ဆိပ်၊ ဆင့်အင်း၊ မြင်းစီး၊ တည်သီးတော၊ မင်းဘေး၊ ဇီးဖြူကုန်း၊ သီးလုံး၊ ပန်းရံ၊ လိပ်ချင်းနဲ့ မြင်းချင်း စတဲ့မြို့တွေကနေ တော်လှန်ရေးအင်အားစုတွေဆီကို ခို၀င်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက ရေရှည်နေထိုင်နေတဲ့ စစ်ရှောင် ၄၀ ခန့်ဟာ ပြည်သူ့စစ် စခန်းတွေနဲ့ နီးကပ်လွန်းတာကြောင့် နေရာသစ်ကို ရွေ့ပြောင်းခဲ့ရတာလို့လည်း ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

“သူတို့တွေမှာ အတည်တကျ လုပ်မယ့် အလုပ်အကိုင်ရယ်လို့တော့ မရှိသေးဘူးဗျ။ ဒီလိုပဲ ဖြစ်သလို ရုန်းကန်ကြရတာပါဗျ။ ကူညီထောက်ပံ့မှုတွေ လိုအပ်နေဆဲပါဗျ”လို့ သူက ရှင်းပြပါတယ်။

 

စစ်ရှောင်တွေအနေနဲ့ ရိက္ခာပိုင်း အခက်အခဲ အဓိက ကြုံတွေ့နေကြတာကြောင့် အောက်တိုဘာ ၆ ရက်နေ့က ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မဟာမိတ်တပ်ပေါင်းစုညီကိုတွေက ဆန် သွားရောက်လှူတန်းခဲ့တယ်လို့ သိရပါတယ်။

 

ရွှေဘိုမြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာလိုအပ်ချက်မှာ မြင့်တက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်အသုံးစရိတ်ထဲကနေ စစ်ရှောင်တွေအတွက်ပါ ထောက်ပံ့ ကူညီနေရတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ  ကျယ်ပြန့်လာတဲ့ ပဋိပက္ခနဲ့  ရေဘေးသင့်တာတွေ အပါအဝင် များပြားလှတဲ့ ဘေးအန္တရာယ်တွေကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ သန်းကျော် ရှိတယ်လို့ UN OCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့