တောင်ငူ ကာလရှည်ရေကြီးမှုအတွင်း ငါးကန်တွေ ရေမြုပ်လို့ သိန်းထောင်နဲ့ချီဆုံးရှုံးမှုရှိနိုင်

Published on Oct 08, 2024

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့မှာ စက်တင်ဘာနဲ့ အောက်တိုဘာလ နှစ်လဆက် ရေကြီးမှုအတွင်း ငါးမွေးကန်တွေ ရေမြုပ်လို့ ကျပ်သိန်းထောင်နဲ့ချီ ဆုံးရှုံးမှုရှိနိုင်တယ်လို့ အဲဒီလုပ်ငန်းရှင်တွေက CJ Platform သို့ ပြောပါတယ်။

 

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စက်တင်ဘာလ ဒုတိယပတ်ထဲကစပြီး စိုးရိမ်ရေမှတ်ကို ငါးပေခွဲအထိ ကျော်လွန်ခဲ့တာပါ။

 

ဒါကြောင့် တောင်ငူမြို့နယ်အတွင်း ငါးမွေးကန်တွေရှိရာ ကန်ရိုးကျေးရွာ ရေဝင်နစ်မြုပ်မှုတွေကြောင့် ငါးတွေ ရေထဲ မျောပါခဲ့သလို ငါးစာတွေလည်းပျက်စီးခဲ့ကြရတယ်လို့ အဲဒီဒေသ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

 

“ဆုံးရှုံးမှုတန်ဖိုးက ငါးစာတင် ကျပ်သိန်း ၃၀၀ နဲ့အထက် ရှိတယ်” လို့ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်ငူဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ငါးဒန်၊ ငါးမုတ်၊ ငါးမြစ်ချင်း စတဲ့ငါးမျိုးစိတ်တွေ မွေးမြူလုပ်ကိုင်နေတဲ့ ဧက ၂၀၀ အကျယ်ရှိ ငါးကန် ၃၅ ခုလုံး ရေဖုံးလွှမ်းသွားခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

အဲဒီလိုပဲ တောင်ငူမြို့နယ်၊ ကန်တစ်ရာကျေးရွာက ငါးမွေးကန်တွေလည်း ဆုံးရှုံးမှုတွေရှိခဲ့တာကြောင့် လုပ်သားခတွေ ပေးချေဖို့တောင် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ နောက်ထပ် တောင်ငူမြို့ခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

 

အောက်တိုဘာလ ၅ ရက်နေ့ကစပြီး တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ကျသွားပြီးနောက် ကန်ဘောင်တွေ ပြန်ဖော်ပြီး ငါးကန်လုပ်ငန်းတွေ လည်ပတ်ဖို့ လုပ်ဆောင်နေပြီလို့ နောက်ထပ် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ကျွန်မတို့အိမ်တွေက ကန်ဘောင်ပေါ်မှာလေ။ ပစ္စည်းတွေလည်း မျောပါကုန်တယ်။ ခုလောလောဆယ်၊ ကန်ဘောင်တွေက မခြောက်သေးတော့ ပြန်ဖို့လို့တော့မရသေးဘူး။ ရေအကျနဲ့ ကန်ဘောင်တွေ ခြောက်အောင် စောင့်နေရတယ်။ ခုကတော့ ဝိုင်းလုပ်၊ ဝိုင်းစားပေါ့” လို့ သူမက ပြောပါတယ်။

 

ပဲခူးတိုင်း၊ တောင်ငူမြို့ဟာ မြန်မာနိုင်ငံတဝှမ်း အဆိုးရွားဆုံးရေဘေးဒဏ်ခံခဲ့ရတဲ့ စက်တင်ဘာလကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ တခြားဒေသတွေ ရေပြန်ကျခဲ့ပေမဲ့ တောင်ငူမှာတော့ စက်တင်ဘာနောက်ဆုံးပတ်အတွင်းကျမှ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက်ရောက်ခဲ့ပါတယ်။

 

တဖန် အောက်တိုဘာ ပထမပတ်အတွင်း ထပ်မံပြီး စိုးရိမ်ရေမှတ်အထက်သို့ ရက်ပိုင်းခန့် ပြန်လည်ရောက်ရှိခဲ့လို့ တောင်ငူဒေသခံတွေဟာ နှစ်ကျော့ပြန်ရေဘေးကြုံတွေ့ခဲ့ကြရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်