လှိုင်သာယာနဲ့ မြောက်ဥက္ကလာမှာ သန်းခေါင်စာရင်းကောက်ယူသူတွေကို ကျွေးမွေးဖို့ လူထုဆီ အလှူခံ

Author ကိုထက်
Categories
Published on Oct 07, 2024

ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တချို့မှာ အခု ရက်သတ္တပတ်အတွင်း  သန်းခေါင်စာရင်းကောက်ယူသူတွေအတွက် ‌ငွေကြေးပေးဖို့နဲ့ ကျွေးမွေးဖို့အတွက်ဆိုပြီး ရပ်ကွက်နေ ပြည်သူတွေဆီက အလှူငွေကောက်ခံတာတွေ လုပ်နေတယ်လို့ ‌မြို့ခံတွေက ပြောပါတယ်။

 

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ၇ ရပ်ကွက်မှာတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်သူတွေအတွက်လို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ရပ်ကွက်ထဲ အလှူငွေ ကောက်ခံနေကြတာပါ။

 

“သန်းခေါင်စာရင်း ကောက်တဲ့သူတွေ၊ လုံခြုံရေး‌လိုက်တဲ့ သူတွေကို ကျွေးမွေးဖို့လို့တော့ ပြောပြီး အိမ်တိုင်းကို အလှူလိုက်ခံနေတာ။ မထည့်လို့လည်း မဖြစ်ဘူးလေ။ ကိုယ်ကမထည့်ရင် ကိုယ့်အိမ်လာမေးရင် ကောင်းကောင်းမွန်မွန်မမေးရင် ဘယ်လိုလုပ်မလဲ။ အိမ်ပိုင်တွေကတော့ ငါးထောင်၊ တစ်သောင်းထည့်ကြတာပေါ့။ အဆောင်ငှားနေတဲ့ သူတွေကတော့ အဲဒီလောက် မထည့်နိုင်ကြဘူးလေ” လို့ အလှူငွေထည့်လိုက်ရသူ အသက် ၄၀ အရွယ် လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်နေ အမျိုးသမီးက ပြောပါတယ်။

 

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်မှာလည်း အထက်ပါ အကြောင်းပြချက်အတိုင်း ပြောကာ အလှူငွေကောက်ခံမှုတွေရှိတယ်လို့ (က) ရပ်ကွက်နေသူ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“၄ ရက်နေ့က အန်တီတို့ဆီ လာကောက်သွားတာ။ အိမ်ထောင်စု စာရင်းထဲပါတဲ့ လူဦးရေတစ်ယောက်ချင်းစီ အကြောင်းတွေမေးတာပါပဲ။ စာရင်းမကောက်ခင် တစ်ရက်က ကောက်မယ်ဆိုတဲ့ စာရွက်လာပေးရင်း အလှူခံသွားတယ်။ ပါဝင်တဲ့သူတွေကို ကျွေးဖို့မွေးဖို့ဆိုပြီး။ နောက်ပြီး ကြားတာက နေ့စားနဲ့လိုက်ကောက်ပေးတဲ့ သူတွေလည်းရှိတယ်တဲ့။ သူတို့ကိုပါ ပေးရမှာထင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အခုလို အလှူ‌ငွေကောက်ခံတာဟာ သန်းခေါင်စာရင်းကောက်ရမှာပါတဲ့သူတွေအတွက် ဘာတစ်ခုမှ စီစဉ်ထားပေးတာတွေ မရှိတဲ့အတွက်ကြောင့် ရပ်ကွက်လူထုဆီကပဲ လိုက်ဖြည့်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

 

“အုပ်ကြီးဆီ ဘာမှပေးမထားဘူးတဲ့။ စာရင်းကောက်အဖွဲ့တွေ ကျွေးမွေးဖို့တောင်။ အဲဒါကြောင့် ဒီရပ်ကွက်ကလူတွေဆီကပဲ အလှူလိုက်ခံရတာလေ။ ကျွန်တော်တို့လည်း မဖြစ်မနေလို အပ်လိုသာလုပ်တာပါ။ ဒီရပ်ကွက်ထဲကလူတွေ နေ့တိုင်းမျက်နှာတွေ့နေရတာ အားလည်းနာတယ်။ အထက်ကမှ ဘာမှမလာတာလေ” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်း အခုလ အောက်တိုဘာလ ၁ ရက်နေ့က စတင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူရေးမှာ ပါဝင်ကောက်ခံပေးနေသူတွေဟာ ကိုယ့်စရိတ်ကိုယ်စားပြီး လုပ်ပေးနေရတယ်လို့ စာရင်းကောက်ရာမှာ ပါဝင်သူတွေဆီကနေ သိရပါတယ်။

 

၎င်းတို့ကို တစ်ရက် ရပ်ကွက်တစ်ခု အပြီးကောက်ယူဖို့ ညွှန်ကြားထားသလို စာရင်းကောက်ယူသူတွေအတွက် အသုံးစရိတ်အဖြစ် တစ်ရက် ၄၈၀၀ ကျပ် ပေးမယ်ဆိုပြီး အသိပေးတာတွေ ရှိပေမဲ့ လက်ရှိမှာတော့ အထောက်အပံ့တွေ မရဘူးလို့ ဆိုကြပါတယ်။

 

လက်ရှိအချိန်အထိ စာရင်းလာမကောက်သေးတဲ့ မြို့နယ်တွေမှာလည်း စာရင်းလာကောက်တဲ့အခါ ကောင်းကောင်းမွန်ဖြေပေးဖို့နဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အိမ်တစ်အိမ်မှာ လူတစ်ယောက်အမြဲရှိနေပေးရမယ်လို့ စစ်ကောင်စီလက်အောက်ခံတွေက လိုက်လံကြေညာနေပါတယ်။

 

ဓာတ်ပုံ – Pro – SAC