ဂန့်‌ဂေါမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်မဲ့သတင်း ပေါက်ကြားပြီး ဗုံးကြဲခံရ၊ နွားကျောင်းနေတဲ့ အမျိုးသားတစ်ဦးသေဆုံး

Published on Oct 05, 2024

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်မယ့်သတင်း စစ်ကောင်စီထံ ပေါက်ကြားခဲ့တာကြောင့် ဒီကနေ့ အောက်တိုဘာ ၅ ရက် မွန့်တည့်အချိန်ခန့်မှာ ဗုံးကြဲခံရပြီး နွားကျောင်းနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

 

ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေက အစည်းအဝေးလုပ်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးကို ဖိတ်ကြားခဲ့ပြီးနောက် အခုလို သတင်းပေါက်ကြားသွားတာ ဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်၊ တပ်ရင်း ၁၂၊ ဒုတပ်ရင်းမှူး ကိုသားဇင်က CJ PLatform ကို ပြောပါတယ်။

 

“အစည်းဝေးက မြို့နယ်တွင်းက ရပ်ကျေးပအဖ၊ ပကဖနဲ့ ပညာရေးအဖွဲ့တွေကိုအချိန်၊ နေရာ၊ အတိအကျနဲ့ ဖိတ်ထားတာ။ ရပ်ကျေးတွေအားလုံးကိုဖိ တ်တာဆိုတော့ တစ်ဆင့်စကားတွေကနေ စကစဆီကို သတင်းရောက်တာ ဖြစ်နိုင်တယ်ဗျ”လို့ ၎င်းက ဆိုပါတယ်။

 

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ တစ်ကြိမ်နဲ့ အစည်းအဝေးလုပ်မယ့်နေရာကို ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီလို ကြဲချတိုက်ခိုက်မှု ပထမအကြိမ်မှာ 11 KVA မီးလိုင်း၊ မီးတိုင်တွေ ထိမှန် ပျက်စီးခဲ့ပြီး ဒုတိယအကြိမ် ကြဲချမှုမှာ နွားအငှားကျောင်းတဲ့ တောင်သာကျေးရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ အထက်ပါ ဒုတပ်ရင်းမှူးက ဆက်ပြောပါတယ်။

“ဗုံးက ပြည်သူတွေ ပုံမှန်သွားနေတဲ့ ကားလမ်းပေါ်ကျတာဆိုတော့ ပုံမှန်နွားမောင်းသွားရင်း လေယာဉ်လာလို့ လမ်းဘေးမှာ ပုန်းနေပုံရတယ်။ အဲ့ဒီမှာ သူအနီးနားကျတော့ ခေါင်းပွင့်သွားပြီး သေတာပါ” လို့ ဆိုပါတယ်။

 

အဲဒီလို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ပေမဲ့ နေရာ လွဲသွားတဲ့အတွက် တော်လှန်ရေး အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ သိရပါတယ်။

 

၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်၊ မနက် ၈ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရဲ့ အနောက်ဘက် မိုင် ၃၀ ခန့် အကွာရှိ ပဇီကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲမှာ ရုံးဖွင့်ပွဲလာတဲ့ ဒေသခံလူထုကို အစားအသောက်တွေ ကျွေးမွေးနေစဉ် စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ် ၃၀ ဦးအပါအဝင် လူ ၁၇၁ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ- ပေးပို့

 

စာညွှန်း – စစ်ကောင်စီတပ်ဗုံးကြဲချခဲ့တဲ့ လမ်းမ