တီးတိန်မှာ သန်းခေါင်စာရင်း လိုက်ကောက်နေသူ အမျိုးသားကို PDF(ဇိုလဲန်း)ဖမ်းဆီး

Author ဆလိုင်း
Categories
Published on Oct 05, 2024

ချင်းပြည်၊ တီးတိန်မြို့မှာ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူအမျိုးသားတစ်ဦးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်းက ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

တီးတိန်မြို့၊ မြို့မရပ်ကွက်နေ အသက် (၆၀) နှစ်အရွယ် ဦးကမ်လန်ထန်ဟာ တီးတိန်မြို့မှာ စစ်ကောင်စီနဲ့အတူ သန်းခေါင်စာရင်းကောက်ယူရာမှာ တက်ကြွစွာပါဝင်သူဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့က သန်းခေါင်စာရင်း ကောက်ယူတာနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်ကို အလေးမထားဘဲ စစ်ကောင်စီနဲ့ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်ယူတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ သူကို အပြစ်ပေးအရေးယူဆောင်ရွက်သွားဖို့ရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

PDF(ဇိုလဲန်း)ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ချင်းညီနောင်အဖွဲ့ရဲ့ လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းပါဝင်သူတွေကို ထိထိရော‌က်ရောက် အရေးယူသွားမယ်လို့ ချင်းညီနောင်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်‌နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 

တီးတိန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက အထက-၁ ကျောင်းခန်းမဆောင်မှာ ဌာနဆိုင်ရာတွေခေါ်ယူကာ စစ်ကောင်စီခန့် တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်မှုဖြင့် သန်းခေါင်စာရင်းနဲ့ပတ်သက်လို့ သင်တန်းပို့ချခဲ့ပါတယ်။

 

အဲ့ဒီနောက် အောက်တိုဘာလ ၁ ရက်နေ့ တီးတိန်မြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့တယ်လို့ သိရပါတယ်။

 

“တီးတိန်မှာ စစ်သားတွေ လုံခြုံရေးအပြည့်နဲ့ သန်းခေါင်စာရင်းတော့ ကောက်ပြီးသွားပါပြီ။ မြို့ထဲလည်း လူမရှိတဲ့ နေအိမ်တွေက ရှိနေတော့ တစ်ရက်တည်းနဲ့ ခဏလေး အပြီး ကောက်သွားကြတယ်” လို့ တီးတိန်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တီးတိန်မြို့မှာ ယခုနှစ် မတ်လနဲ့ ဧပြီလတုန်းကလည်း စစ်ကောင်စီအတွက် စစ်မှုထမ်းစာရင်း ကောက်ယူပေးတဲ့ တီးတိန် ခရိုင်လဝက ဦးစီးမှူးအပါအဝင် ဝန်ထမ်းခြောက်ဦးကို PDF(ဇိုလဲန်း)က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

စစ်ကောင်စီရဲ့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ချင်းပြည်က ဖလမ်း၊ ဟားခါး၊ တီးတိန်၊ ကန်ပက်လက်၊ ခိုင်ကမ်း စတဲ့မြို့တွေမှာလည်း သန်းခေါင်စာရင်းကောက်ယူသွားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – PDF-Zoland

 

ပုံစာ- PDF(ဇိုလဲန်း)ဖမ်းဆီးထားသူကို တွေ့ရစဥ်