တောင်ငူ တပခကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး တပ်ရေးဗိုလ်ကြီးအပါအဝင် ၄ ဦးဒဏ်ရာရ

Published on Oct 05, 2024

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ငါးဦးသေဆုံးပြီး တပ်ရေးဗိုလ်ကြီးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar-BWM က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

 

ထိခိုက်သေဆုံးသူတွေစာရင်းကို တပ်တွင်းသတင်းရင်းမြစ်တွေကနေတစ်ဆင့် အတည်ပြုခဲ့တာလို့ အဲဒီအဖွဲ့တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

အောက်တိုဘာ ၅ ရက် မနက် ၃ နာရီ ၄၀ မိနစ်ခန့်မှာ တပခထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးပစ်ခတ်ခဲ့ရာမှာ လေးလုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ BWM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“အခက်အခဲမျိုးစုံ၊ စွန့်စားမှုမျိုးစုံနဲ့ လုပ်ခဲ့ရတာပါ။ အခုလို တိုက်ခိုက်မှု‌တွေကြောင့် စစ်ကောင်စီဟာ သူတို့ရဲ့ စစ်တိုင်းဌာနချုပ်တွေတောင် ကျွန်‌တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်လက်တစ်ကမ်းမှာ ရောက်ရှိလာနေပါပြီ။ သူတို့ကိုယ်တိုင် နေစရာမရှိအောင် တုန်လှုပ်နေပါပြီ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပခ စခန်းရုံး ခေါင်မိုးပွင့်ပြီး ကင်းတဲနဲ့ အရာရှိနေအိမ် လိုင်းခန်းတွေ ထိမှန်ပျက်စီးခဲ့ကာ သေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေကို ဆက်လက်စုံစမ်းနေတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ လူနာတင်ကား ငါးစီးခန့် အဝင်အထွက် ပြုလုပ်နေတယ်လို့ BWM တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

အခု ပစ်ခတ်တိုက်ခိုက်မှုကို BWM ရဲ့စီမံမှုနဲ့ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

တပခဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်အတွင်းက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ ရန်သူ့စစ်စခန်းတွေကို အမိန့်ပေးကွပ်ကဲနေတဲ့ အဓိက တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပါတယ်။

 

ဒါ့အပြင် အဲဒီမှာ စစ်ကောင်စီရဲ့ ဒရုန်း အစင်း ၁၀၀ ဟာ တပခထဲရောက်ရှိနေတယ်လို့ BWM ရဲ့ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

BWM တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ ပင်မ စစ်ဗဟိုချက်နေရာတွေဖြစ်တဲ့ တိုင်းစစ်ဌာနချုပ်နဲ့ လေတပ်စခန်းတွေကို အထူးပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

 

ဒါ့အပြင် BWM ရဲ့ ဦးဆောင်မှုနဲ့ Mountain Knights Civilian Defense Force (MKCDF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့၊ Mercury Revolution Force(MRF) အဖွဲ့တို့ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်၊ ညသန်းခေါင် ၁၂ နာရီခန့်မှာ တောင်ငူလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ လေတပ်အရာရှိ ၂ ဦးသေဆုံးပြီး အခြား အဆင့် ၄ ဦး ဒဏ်ရာရရှိကာ အဆောက်အဦး အချို့ပျက်စီးခဲ့ပါတယ်။

 

ဓာတ်ပုံ – BWM

 

ပုံစာ – တပခ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်စဉ်

 

Related News

Depend on news