သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကိုင်းမြို့မဈေးနဲ့အနီးတဝိုက်က သုံးနေရာမှာ ပေါက်ကွဲမှုဖြစ်ပွား၊ သန်းခေါင်စာရင်း အိမ်တိုင်ရာရောက် လိုက်မကောက်ဘဲ ရပ်/ကျေးရုံးတွေဆီ ခေါ်ကောက်

Author မင်းထက်
Categories
Published on Oct 05, 2024

စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က မြို့မဈေးအပါအဝင် သုံးနေရာမှာ သန်းခေါင်စာရင်းကောက်နေချိန် ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

အဲဒီပေါက်ကွဲမှုကြောင့် မြို့မဈေးအပေါ်အတွင်း အပျက်အစီးတချို့ရှိတယ်လို့သိရပြီး လူထိခိုက်မှုရှိမရှိ မကြားမိသေးဘူးလို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

“မြို့မစျေးအပေါ်ထပ်ကမှန်တွေ ကွဲကျတာဖြစ်တယ်။ အဲဒီနားက မိုးဇာရပ်ထဲမှာ ပေါက်တယ်လောက်ပဲသိရတယ်။ အသေးစိတ်တော့မသိရဘူး။ သန်းခေါင်စာရင်းတွေ ကောက်တာတွေနဲ့ဆိုင်မယ်ထင်တယ်” လို့ စစ်ကိုင်းမြို့ခံ အသက် ၅၀ ခန့်ရှိ နာမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီလိုပေါက်ကွဲမှုကြောင့် နေ့စဉ်ဖွင့်နေကျ စစ်ကိုင်းမြို့မစျေးကို ပိတ်လိုက်တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

 

အဲဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တာလဲဆိုတာကိုတော့ CJ Platform အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

အောက်တိုဘာ ၁ ရက်နေ့ကစပြီး စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေအပါအဝင် လုံခြုံရေးအပြည့်နဲ့ စစ်ကောင်စီလက်အောက်ခံတွေက သန်းခေါင်စာရင်းလိုက်လံကောက်ခံနေပါတယ်။

 

ဒါပေမဲ့ တခြားဒေသတွေကလို တစ်အိမ်တက်ဆင်းမဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်း၊ ဓမ္မာရုံစတဲ့နေရာတွေမှာ ခေါ်ယူကောက်ခံတယ်လို့ စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်နေထိုင်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ခေါ်ပြီး ပေါက်တတ်ရာရာ မေးတာပါပဲ။ အိမ်ရှိလူတွေ၊ ဘာတွေပိုင်လဲ၊ အိမ်ခန်းတို့ အဝေးရောက်နေတဲ့သူရှိရင်လည်း သူက ဘာလုပ်တာလဲ၊ ဘယ်မှာလဲ၊ ပရိုဖိုင်အစဆုံး အကုန်မေးတာပဲ” လို့ ၎င်းက ပြောပါတယ်။

 

ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်ယူကာ စစ်ကိုင်းမြို့ စိန်ကုန်းရပ်နဲ့ မြို့သစ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ခဲ့တယ်လို့ သိရပါတယ်။

 

“အိမ်ထောင်စုဇယားယူအပြီး အုပ်ချုပ်ရေးမှူးရုံးကိုလာဖို့ မိုက်နဲ့အော်တယ်။ သွားပေးရတယ်။ မိန်းမဘယ်နှစ်ယောက်ရှိလဲတွေရော မေးတယ်၊ အဝေးရောက်နေတဲ့သူတော့မထည့်ဘူး​ပြောတယ်။ မြို့ပေါ်မှာရှိတဲ့သူမေးတယ်။ တချို့လည်း သွားမပေးကြဘူး” လို့ မြို့သစ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ယမန်နေ့က မြို့ပေါ်ရပ်ကွက်တချို့က သန်းခေါင်စာရင်းကောက်ယူရာမှာ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လာရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC