စစ်ဘေးရှောင်များနေထိုင်သည့် မယ်သဲကြိုးကွင်းကျေးရွာကို စစ်ကောင်စီက မီးရှို့မှုကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေ

Author လင်းခိုင်
Categories
Published on Oct 12, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင်များ နေထိုင်သည့် မယ်သဲကြိုးကွင်းကျေးရွာကို စစ်ကောင်စီက မီးရှို့မှုကြောင့် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသခံများက CJ Platformသို့ ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက်တွင် မယ်သဲကြိုးကွင်းရွာရှိ အိမ်ခြေ ၆၀ ခန့်အား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ပထမ ပျူစောထီးတွေက မီးလာရှို့တယ်။ အောက်တိုဘာ ၁၁ ရက် ညမှာ တစ်ညလုံးနီးပါး ရွာကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက တောက်လျှောက်ထုတယ်။ အခုမနက် စစ်ကောင်စီအင်အား ၇၀ ကျော်နဲ့ရွာကို ခြေလျင်ဆင်းလာကြတယ်” ဟု မယ်သဲကြိုးကွင်းကျေးရွာမှ ဒေသခံတစ်ဦးက CJ Platform ကိုပြောကြားသည်။

မယ်သဲကြိုးကွင်းကျေးရွာတွင် ချောင်းဦးမြို့နယ်၊ ခင်မွန် အောင်ချမ်းသာ ရွာမှ စစ်ဘေးရှောင်များ လာရောက်နေထိုင်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ စစ်ကောင်စီက ရွာကို မီးရှို့မှုကြောင့် စစ်ဘေးရှောင်များအတွက် စောင်၊ ခြင်ထောင်၊ အ၀တ်အထည်များ လိုအပ်နေကြောင်း သိရသည်။

“ အလှူရှင်တွေရှိရင်လဲ ချိတ်ဆက်လှူဒါန်းပေးကြပါ၊ ဆောင်းတွင်းရောက်ပြီဆိုတော့ စစ်ဘေးရှောင်တွေအတွက် စောင်၊ ခြင်ထောင်နဲ့ အထွေထွေပစ္စည်းတွေလိုအပ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။