ဖုန်းပျက်လို့ စားဆီအိမ်အရောက်စနစ် မရောင်းပေးနိုင်လို့ ဆီကုန်သည်အသင်းထုတ်ပြန် ဖုန်းခေါ်မရလို့ တန်းစီဝယ်ယူနေရလို့ မြို့ခံများဆို

Author ကိုထက်
Categories
Published on Aug 09, 2024

ရန်ကုန်မှာ စားသုံးဆီ အိမ်ရောက်စနစ်နဲ့ဝယ်ယူဖို့ ဆီကုန်သည်အသင်းက ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ရာမှာ ခေါ်မရတာကများနေတယ်လို့ ဝယ်ယူနေတဲ့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

 

ဆီကုန်သည်အသင်းကြေညာထားတဲ့ ဖုန်းနံပါတ်တွေကတစ်ဆင့် စားဆီဆက်သွယ်ဝယ်ယူဖို့ကြိုးစားခဲ့ပေမဲ့ စက်ပိတ်ထားခြင်း၊ ဖုန်းမကိုင်တာခြင်းများနဲ့သာ ကြုံတွေ့ရတယ်လို့ လှိုင်သာယာမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

“ကိုယ်စားလှယ်ဆိုင်တွေမှာ အကြာကြီးတန်းစီရလို့ ယူချင်တဲ့သူတွေစုပြီး မှာဖို့ ဖုန်းဆက်တာ။ အချိန်တစ်နာရီလောက်ပေးပြီး ခေါ်တာကို စက်ပိတ်ထားတာရယ်၊ ဖုန်းဝင်ပြီးမကိုင်တာရယ်ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေရင်တော့ သွားတန်းစီတာကမှ သေချာဦးမယ်” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းကတော့ ဖုန်းပျက်နေလို့ ဆက်သွယ်မရဖြစ်နေပေမဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပုံမှန်အတိုင်းဆက်သွယ်နိုင်ပြီဖြစ်တယ်လို့ ဒီကနေ့ ဩဂုတ်လ ၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

“ဈေးကလည်း သိပ်မကွာဘူးလေ။ တန်းစီရတာက အချိန်လည်းကြာတယ်။ ရန်တွေဘာတွေ ဖြစ်တာတွေရှိတယ်လေ။ အဲဒါကြောင့် ဖုန်းဆက်မှာတာ၊ အခုလိုတွေ ဆက်သွယ်မရဖြစ်တာတော့ အဆင်မပြေဘူး” လို့ လှိုင်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

ယခုနှစ် ဇူလိုင် ၃၁ ရက်ကစတင်ပြီး ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ဆီကုန်သည်အသင်းက တစ်ပိဿာကို ၇၇၀၀ ကျပ်ဖြင့် တစ်အိမ်ထောင် နှစ်ပိဿာနှုန်းနဲ့ အိမ်တိုက်ရာရောက် ရောင်းချပေးမယ်လို့ ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရန်ကုန်မြို့က မရမ်းကုန်းနဲ့ လှိုင်စတဲ့မြို့နယ်တို့က စားဆီကိုယ်စားလှယ်ဆိုင်ရှေ့တွေမှာ တန်းစီစောင့်ဆိုင်းနေသူအချင်းချင်း နေရာလုတဲ့ပြဿနာကြောင့် ခိုက်ရန်ဖြစ်ပွားပြီး လူအုပ်ပိတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

လက်ရှိ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက ရည်ညွှန်းလက်ကားဈေးဟာ စားဆီတစ်ပိဿာ ၅၇၈၀ ကျပ်ဖြစ်ပေမဲ့ ပြင်ပလက်လီဈေးကတော့ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်အထိ မြင့်တက်နေတယ်လို့ စားသုံးသူများထံမှ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်