ပြုပြင်နေတဲ့ ပခုက္ကူလေယာဥ်ကွင်းစောင့်တပ်ကို သုံးရက်အတွင်း ဗုံး ၁၃၀ ကျော်အသုံးပြုတိုက်ခိုက်

Author မင်းထက်
Categories
Published on Aug 09, 2024

၂၄ နှစ်ကြာ အသုံးမပြုဘဲပစ်ထားတဲ့ မကွေးတိုင်းက ပခုက္ကူလေယာဥ်ကွင်းကို စစ်ကောင်စီက ယခုလဆန်းပိုင်းကစတင်ပြီး ပြုပြင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

 

အဲဒီလေယာဉ်ကွင်း ပြုပြင်မှုကို အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲလုံခြုံရေးပေးထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သုံးရက်ကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဝေးထိန်လေယဉ်၊ ရော့ကတ်၊ ဒရုန်းတို့အပါအဝင် လက်နက်ကြီး/ငယ်တို့ အသုံးပြုပြီး သြဂုတ်လ ၄ ရက်နေ့မှာ ဗုံးအလုံး ၅၀ ခန့်၊ ၅ ရက်နေ့မှာ အလုံး ၃၀ ခန့်၊ ၇ ရက်နေ့မှာ အလုံး ၅၀ ခန့်တို့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ထံမှ သိရပါတယ်။

 

အဲဒီသုံးရက်တာအတွင်း သြဂုတ်လ ၅ ရက်နေ့ တိုက်ခိုက်မှုမှာ ရဲသုံးဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့သိထားရပေမဲ့ ကျန်ရက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲဖြစ်တယ်လို့ အဲဒီတပ်ဖွဲ့ထံမှ သိရပါတယ်။

 

“စကစရဲ့ စစ်ရေးအရ အသုံးပြုဖို့လား။ ပြီးတော့ ကျွန်တော်တို့ စစ်တပ်အတွင်း သတင်းအရင်းမြစ်အရတော့ လေယာဥ်ကွင်းတည်ဆောက်ရေးတင်ဒါလည်း မင်းအောင်လှိုင်သားပိုင်တဲ့ ကုမ္ပဏီက လုပ်တယ်လို့သိရတယ်။ လေယာဥ်ကွင်း မွမ်းမံဖို့အတွက် အရှည်နှစ်မိုင်ကို ထု(ဒု)တစ်ထောင်လောက်ကို ပြန်လည်မွမ်းမံဖို့ပြင်ဆင်ဖို့လုပ်နေတာဖြစ်တယ်ဗျ” လို့ Southern YSO PDF တာ၀န်ခံက CJ Platform ကို ပြောပါတယ်။

 

ဒါပေမဲ့ တာဝန်ယူလုပ်ဆောင်နေတဲ့ ကုမ္ပဏီနာမည်ကိုတော့ မသိရသေးဘူးလို့ ၎င်းက ပြောသလို CJ Platform အနေနဲ့လည်း သီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးပါဘူး။

 

ယခုတိုက်ခိုက်မှုကို Southern YSO PDF ၊ ခရေစကြို ပလဖ၊ MPL တိုက်နယ် ၄ ပကဖ၊ အညာမုန်တိုင်း၊ TKGF ၊ Gen 1 ၊ ဒေါင်းနီ ပကဖ၊ ရွှေဟင်္သာ လက်နက်ကြီး ၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် – PDF ၊ King Cobra အဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဩဂုတ် ၁ ရက် လေယာဉ်ကွင်းပြင်ဆင်မှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှပြုလုပ်ခဲ့တာပါ။

 

ပထမအကြိမ်ပြင်ဆင်ရေးလုပ်ငန်းလုပ်ဆောင်နေစဉ် ဇူလိုင် ၁၁၊ ၁၄ နဲ့ ၁၆ ရက်နေ့တို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းသွားခဲ့တယ်လို့ Southern YSO PDF မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒါကြောင့် လေယာဉ်ကွင်းပြင်ဆင်ရေးလုပ်သားတွေအနေနဲ့ ရပ်ဆိုင်းကြဖို့နဲ့ စစ်အာဏာရှင်ခိုင်းတာမလုပ်ကြဖို့ Southern YSO PDF က တိုက်တွန်းထားပါတယ်။

 

ပခုက္ကူလေဆိပ်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့ပေမဲ့ အသုံးပြုခြင်းမရှိခဲ့ဘူးလို့ ဒေသခံများထံမှ သိရပါတယ်။

 

ရုပ်သံ – Southern YSO PDF