အောင်လံမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ လူထပ်တောင်းလို့ လူငှားဖို့ ငွေကောက်ခံနေ တွက်ချမှုအရ တစ်လ အနည်းဆုံး ကျပ်သိန်း ၄၀၀ အထက် အုပ်ချုပ်ရေးမှူးတွေ ရနေမှာဖြစ်

Published on Aug 09, 2024

မကွေးတိုင်း၊ အောင်လံမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်မှုထမ်းအတွက် လူငှားထည့်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ငွေတွေကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရွှေပန်းတောကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းက စစ်မှုထမ်းအတွက် လူတောင်းလေ့ရှိပြီး ဒါကြောင့် ရွှေပန်းတော၊ ကိုးပင်၊ မြို့မိ ကျေးရွာတွေဟာ အောင်လံမြို့ပေါ်ကနေ လူတစ်ဆင့်ငှားပြီး ပေးကြရတယ်လို့ ရွှေပန်းတောကျေးရွာဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရွှေပန်းတောကျေးရွာနဲ့ အနီးကျေးရွာတွေမှာ စစ်မှုထမ်းလူစုကတည်းက လူငယ်အများစု ထွက်ပြေးတိမ်းရှောင်ကြတာကြောင့် လူငယ်တွေမရှိသလောက်ရှားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ နထားကျေးရွာ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးတွေ သီးသန့်အစည်းအဝေးခေါ်ခဲ့ပြီးနောက် ညနေပိုင်းမှာ ရွာသားတွေကို တစ်အိမ်တစ်ယောက်နှုန်း အစည်းအဝေးထပ်မံခေါ်ယူကာ လူတန်းစား ၃ ခု ခွဲပြီး တစ်အိမ်ကို တစ်သောင်းကျပ်ကနေ သုံးသောင်းကျပ်အထိကောက်ခံမယ့်အကြောင်း အသိပေးခဲ့တယ်လို့ ရွှေပန်းတောကျေးရွာမှ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

 

“ကျွန်တော်တို့ဘက်ကတော့ နဂိုကတည်းက လူရှာထားပြီးသားဆိုတော့ အပူတပြင်းမဖြစ်ဘူးပေါ့။ နထားကတော့ ခုမှ ရှာကြရမှာ။ အိမ်ကိုမူတည်ပြီး ကောက်တာပေါ့။ အောက်ဘက်ရွာတွေလည်း အဲဒီလိုပဲ။ နထားအုပ်ချုပ်ရေးမှူးကတော့ စစ်တပ်က လုပ်ဆိုရင် လုပ်ရတာပေါ့။ ‘အင်း’ တစ်လုံးပဲ” လို့ ၎င်းက ပြောပါတယ်။

 

မြို့မိ၊ ကိုးပင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက တစ်ရွာတစ်ယောက်နှုန်း လူတောင်းထားတာကြောင့် အောင်လံမြို့ပေါ်က စစ်မှုထမ်းအတွက် လူငှားပေးဖို့ တစ်အိမ်ကို နှစ်သောင်းကျပ်နဲ့ ကောက်ခံသလို ညောင်အိုင်အုပ်စုမှာလည်း အလားတူ ကောက်ခံတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

 

“လူမပေးလည်း ရတယ်တော့ မကြားမိဘူး။ ခုက အုပ်ကြီးတွေက ပေါင်းစားနေကြတာကို။ အဲဒီလူငှားအိမ်ကို ထောက်ပံ့မယ်ပေါ့ဗျာ” လို့ ၎င်းက ပြောပါတယ်။

 

အောင်လံမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးလက်ထပ် ငြိမ်ဝပ်ပိပြားတဲ့ နယ်ဖြစ်ပေမဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ညောင်အိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေကလွဲပြီး အုပ်ချုပ်ရေးမှူးအများစုက လိုက်ပါဆောင်ရွက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

“အနောက်တောဘက်(ညောင်အိုင်အုပ်စုနဲ့ မြို့လှအုပ်စုကျေးရွာ)တွေလည်းအဲဒီလိုပဲ။ ညောင်အိုင်အုပ်စုဘက်မှာဆို ကျွန်းတိုင်းအနီးတစ်ဝိုက်က ကျွန်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ရွှေ ပြီး အကုန်ပြီးရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ညောင်အိုင်ကျေးရွာအုပ်စုမှာ အိမ်ခြေ ၅၉၈ အိမ်၊ မြို့မိမှာ အိမ်ခြေ ၂၈၈ အိမ်၊ ရွှေပန်းတောမှာ အိမ်ခြေ ၁၂၆၂ အိမ်၊ ကိုးပင်မှာ အိမ်ခြေ ၂၀၀ ခန့်နဲ့ စုစုပေါင်း အိမ်ခြေ ၂၃၄၈ အိမ်စီက တစ်လကို ကျပ် ၁၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်နှုန်းကြားကောက်ခံမှာဖြစ်လို့ အုပ်ချုပ်ရေးမှူးတွေရဲ့ ကောက်ခံငွေဟာ တစ်လကို အနည်းဆုံး ကျပ်သိန်း ၄၀၀ အထက်ရရှိနေမှာဖြစ်ပါတယ်။

 

ဒါ့အပြင် အောင်လံမြို့ပေါ် ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူး အများစုဟာ စစ်မှုထမ်းစုဆောင်းဖို့ ဆောင်ရွက်ခြင်းမရှိတာကြောင့် ဧပြီလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က အောင်လံနဲ့ စမ်းကလေးကြားမှာ ဂိတ်ချပြီး အဲဒီနယ်တစ်ဝိုက်က ခရီးသွားပြည်သူ လူငယ် ၂၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးကာ ပဲခူးတိုင်းအနောက်ခြမ်းက တပ်နယ်မြို့ဖြစ်တဲ့ ရွှေတောင်မြို့ဘက်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းခေါ်ယူမှု အပတ်စဉ် ၅ အထိရောက်ရှိနေပြီး အပတ်စဉ် ၄ ကို ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့က စခန်းသွင်းခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC