လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရန်ကုန်မှာ ရှစ်လေးလုံး ဆန္ဒပြမှုတွေ လုပ်ဆောင်နိုင်ခဲ့

Author ကိုထားဝယ်
Categories
Published on Aug 08, 2024

စစ်ကောင်စီရဲ့ လုံခြုံရေးအတင်းကျပ်ဆုံးချခံထားရတဲ့ ရန်ကုန်မြို့က နေရာအနှံ့မှာ ၈၈၈၈(ရှစ်လေးလုံး)အရေးတော်ပုံ ၃၆ နှစ်မြောက်နှစ်ပတ်လည်နေ့ဆန္ဒပြမှုနဲ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။

ရန်ကုန်လူထုသပိတ်(Yangon People’s Strike)က ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံနဲ့ ခရီးသည်တင်ယာဉ်တွေပေါ်အထိ ‘၈’ ဂဏန်းနဲ့ “ငါတို့အလှည့် ပုန်ကုန်အံတု ရန်ကုန်လူထု” ဆိုတဲ့ စာသားပါ အင်္ကျီနဲ့ ပူစီပေါင်းတွေကိုင်ဆောင် ဆန္ဒပြနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

အလားတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)ကလည်း ရန်ကုန်မြို့က မီးရထားကုန်းကျော်တံတားတစ်ခုပေါ် ‘၈၈၈၈’ ဘန်နာကို ချိတ်ဆွဲခဲ့ပါတယ်။

 

ဒါ့အပြင် တိုက်ပွဲတိုင်းရှုံးနိမ့်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်လက်အောက်မှ စစ်သားတွေကို ရုန်းထွက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ “တိုင်းပြည်နဲ့ စစ်တပ်ကို ကယ်ချင်ရင် ပြည်သူနဲ့ပေါင်းပါ” ဆိုတဲ့စာသားနဲ့လည်း AJAY အဖွဲ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ကလည်း “The Future Of Our Nation is in Our Hands” “ငါတို့နိုင်ငံရဲ့အနာဂါတ် ငါတို့လက်ထဲမှာရှိတယ်” ၊ ”လာပါ…. ငါတို့အတူတူရုန်းကြမယ်” ဆိုတဲ့ စာတန်းတွေကို ရန်ကုန်မြို့တစ်နေရာမှာ ချိတ်ဆွဲဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက် Owl Communication ကနေ ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်နှစ်ပတ်လည်​နေ့မှာ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ကိုယ်စီအတူရုန်းကြဖို့ အဖွဲ့အသီးသီးက ထပ်မံတိုက်တွန်းနှိုးဆော်နေကြပါတယ်။

 

ဓာတ်ပုံများ – Owl Communication ၊ AJAY ၊ ရန်ကုန်လူထုသပိတ်